MNDAA ထိန်းချုပ်ထားတဲ့ မိုင်းရယ် – လားရှိုးကြား ရွာတွေမှာ မဲရုံအတွက် ပြင်ဆင်

ဒီဇင်ဘာ ၁၄၊ ၂၀၂၅
Shy V (VOM)
လားရှိူးမြို့နယ်က MNDAA ထိန်းချုပ်ထားတဲ့ မိုင်းရယ် – လားရှိုးကြား ရွာတွေက ကျောင်းတချို့မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကစပြီး မဲရုံ အတွက် ပြင်ဆင်လာတာကိုတွေ့ရကြောင်း ဒေသခံ​တွေဆီက သိရပါတယ်။
“ဒီနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက အစိုးရ စစ်တပ် တပ်ဖွဲ့ဝင်အချို့နဲ့ နယ်မြေခံ ရွေးကောက်ပွဲ ကော်မရှင် ပူးပေါင်း အဖွဲ့ကလားရှိုး နဲ့ မိုင်းရယ် ကြားက ကျေးရွာ စာသင်ကျောင်းတွေကို MNDAA လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲအတွက် မဲရုံခန်း အဖြစ် သတ်မှတ်ဖို့ လာရောက်သွားတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုး – မိုင်းရယ် လမ်းမပေါ်ရှိ နမ့်ပေါင်၊မန်ပျဉ် နဲ့ နမ္မဗောဒ ရွာ တွေမှာရှိတဲ့ စာသင်ကျောင်း ကျောင်းခန်းတွေကို မဲရုံခန်းအဖြစ် ပြုလုပ်မှာဖြစ်ပြီး ဟိုယနဲ့ မယ်ဟန် အခြေအနေတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
ဒေသခံတွေကတော့ စိတ်ဝင်စားမှု မရှိသလောက်ဖြစ်နေပြီး MNDAA တပ်ဖွဲ့ မဆုတ်ခဲ့ရင်တောင်မှ ပူးတွဲ လုံခြုံရေးယူမယ်လို့ ယူဆရတယ်လို့ သူက ပြောပါတယ်။
“သီပေါ နားအထိတော့ မဲဆွယ်တာ လုပ်လို့ MNDAA တပ်ဖွဲ့နဲ့ ပြဿနာ ဖြစ်တယ်လို့ကြားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
သီပေါဘက်နား စင့်အင် ကနေ နမ့်ပေါင်၊ နမ္မဗောဒထိ ရွေးကောက်ပွဲ လုပ်မယ့် သတင်းတွေကြားတယ်လို့ သူက ပြောပါတယ်။
လားရှိုးမှာတော့ မြို့ပေါ် ရပ်ကွက် ၁၂ ခုနဲ့ ဟူးမွန်ကျေးရွာ အုပ်စုမှာ မဲရုံ ၆၆ ရုံ ထားရှိကာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပြီး မဲဆန္ဒရှင် ၁၀၇,၈၆၇ ဦး ရှိကြောင်း ခရိုင်ပြန်ဆက်က သတင်းထုတ်ထားပါတယ်။
ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမယ့် နယ်မြေများ ထုတ်ပြန်ကြေညာ တဲ့အထဲမှာ သီပေါ – လားရှိုး – မိုင်းရယ် ကားလမ်းမ တလျှောက်ရှိ လားရှိုးမြို့နယ်အတွင်းကကျေးရွာအုပ်စုတွေဖြစ်တဲ့ ဟူးမွန် အပါအဝင် မယ်ဟန်၊ နောင်ဖော့၊ ခေးနင်း၊ နောင်မွန်၊ ပန်းထွန်၊ စင့်အင်၊ ခါးသျှိ၊ မန်ပျဉ်၊ နမ့်ပေါင်၊ နမ္မဗောဒ စတဲ့ ကျေးရွာအုပ်စုတွေ မပါဝင်တာ တွေ့ရပါတယ်။
လားရှိုးမြို့နယ်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နဲ့ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီတို့ ဝင်ပြိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက် အချက်အလက်တွေအရ သိရပါတယ်။
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစတင်ကာ အစိုးရ တပ်ဖွဲ့ ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည် လည်ပတ်နေပေမယ့် လားရှိုးနဲ့ မိုင်းရယ်ကြားရှိ ရွာတွေကို​တော့ MNDAA တပ်ဖွဲ့က အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW