ပွင့်ဖြူ နဲ့ အောင်လံမြို့နယ်မှာ တရက်တည်း အုပ်ချုပ်ရေးမှူး အပါအဝင် ငါးယောက် အသတ်ခံရ

ဇန်နဝါရီ ၄ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ အောင်လံမြို့နယ် နဲ့ ပွင့်ဖြူ မြို့နယ်မှာ မနေ့က တရက်တည်းမှာတင် အုပ်ချုပ်ရေး မှူးအပါ လူငါးယောက် အသတ်ခံ ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်တွေက ဇန်နဝါရီ ၃ ရက်နေ့ ၊ မနက် ၆ နာရီ လောက်မှာ ပွင့်ဖြူမြို့နယ် ၊ကျောင်းကုန်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဦး နဲ့ ကျေးရွာ ဒေသခံတွေ ဖြစ်တဲ့ ဦးရင်မင်းထွန်း ၊ ဦးအောင်အောင် ၊ မောင်အောင်မြင့်သူ ဆိုသူတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်ဟာ ကျောင်းကုန်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပေါ်တော်မူ ဘုန်းကြီး ကျောင်းကို သွားရောက်စဥ် လက်နက်ကိုင်အဖွဲ့ ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အလားတူ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ကျော်လောက်မှာ အောင်လံ မြို့နယ်
မိုးကောင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း ​ခေါ် မင်းမင်းဆိုသူကိုလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့က သတ်ဖြတ် သွားတယ်လို့သိရပါတယ်။
မိုးကောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းခွဲမှာ ပညာရေး စုံညီပွဲတော် ပြုလုပ်နေချိန် ကျောင်းဝန်းအတွင်း ဝင်ရောက်ပြီး ပစ်သတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” အုပ်ချုပ်ရေးမှူးက စုံညီပွဲတော် ရောက်နေတာကို ပွဲထဲလာပစ်သွားတာ ။ ပစ်ခတ်မှု ဖြစ်တော့ စုံညီပွဲတော်လည်း ပျက်သွားတယ် ။ ကလေးတွေ ဘာမှ မဖြစ်တာပဲ တော်သေးတယ် ပြောရမယ် ။ ဆိုင်ကယ် နှစ်စီးနဲ့ လာပစ်တာ သိရတယ်။ အုပ်ချုပ်ရေးမှူးက နေရာမှာပဲ ဆုံးတာပါ ။ ” လို့ ဖြစ်စဥ်သိသူ အောင်လံ ဒေသခံက ပြောပါတယ် ။
အဆိုပါ မြို့နယ် နှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လူငါးယောက် အသတ်ခံရမှု နဲ့ပတ်သက်ပြီး ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ သတင်းထုပြန်တာမျိုး မတွေ့ရသေးပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ကလည်းမကွေးတိုင်း၊ ချောက်မြို့နယ် ၊ အမှတ် (၁၀) ရပ်ကွက်နေ ဦးကျော်အေး ဆိုသူနဲ့ ဂွေးချိုကျေးရွာက ဦးခင်မောင်နိုင် ဆိုသူတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW