ဇန်နဝါရီ ၁၂ ၊ ၂၀၂၆
GG (VOM)
မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိနေသေးတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ပြောဆိုကြပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ PP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ” တချို့နေရာမှာ ကြိုတင်မဲတွေ ကွာဟတာရှိတယ်။ ကွာဟတယ်ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေအတွက် ကွာတာတွေရှိတယ်။တချို့က ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်းမဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ ဘက်မှာပါ။ နေရာအချို့မှာတော်တော်များများ ဖြစ်စဥ်တွေရှိပါတယ်။ ဖြစ်စဥ်တခုနဲ့ တခုတော့မတူဘူး ။ ဧရာဝတီတိုင်းဘက်ကလည်း တင်ပြတာရှိတယ်။ ” လို့ ပြောပါတယ်။
ဒါအပြင် မဲရုံတွေကို ကြိုတင်မဲပုံးတွေ သတ်မှတ်ချိန်အတွင်း မရောက်ရှိတာ ၊ ကြိုတင်မဲပုံးတွေရဲ့ လုံခြုံရေးချိတ်တွေ ဆောင်ရွက်မှု အခြေအနေ အပါအဝင် စတဲ့ လိုအပ်ချက်တွေ လည်းတွေ့ရှိရတယ်လို့ သိရပါတယ်။
” အရင်ကထက်တော့ ပြင်ဆင်မှုပိုင်း ကောင်းလာတာ မြင်ရပါတယ်။ သို့သော်ငြားလည်း ခုနပြောသလို အလွဲအမှားတွေက ရှိနေတုန်းပဲ ။ တနေ့ကဆိုရင် မြို့နယ်တမြို့နယ်က ကျွန်တော်တို့ပါတီဝင်ထဲက မိသားစုထဲက ကြိုတင်မဲသွားပေးတယ်။ဒါပေမယ့် ဖွင့်ဖောက်လိုက်တော့ ကြိုတင်မဲ တမဲပဲရတယ်။ အဲဒါလည်း လက်တွေ့ပဲလေ။ခက်တာက ဒီအချိန်မှာတော့ ဘာမှပြောလို့မရတော့ဘူးလေ။ ပါတီဝင်သုံးယောက်ကပေးတာ သုံးမဲဖြစ်ရမှာလေ ။ဒါပေမယ့် ဖွင့်ဖောက်လိုက်တော့ တမဲပဲဖြစ်နေတယ် ။ နေရာတိုင်းတော့လည်း မဟုတ်ဘူးပေါ့ ။နောက်တခုရှိတာက မဲပုံးတွေ ချိတ်ထားတယ်။ ပိတ်ထားတယ် ။ဒါကိုလည်း ကျွန်တော်တို့က သွားစောင့်ရှောက်လို့ မရဘူးလေ။ကော်မတီရုံးတို့ ရပ်ကွက် ကျေးရွာ ရုံးတွေမှာဆိုတော့လေ ။ ဒီချိတ်တွေကလည်း ဘယ်လိုစီစဥ်ဆောင်ရွက်ထားလဲ ကျွန်တော်တို့ မသိဘူး ။ ညွှန်ကြားချက်အသစ်အရဆိုရင် မနက် ၆ နာရီဆိုရင်မဲပုံး ရောက်ရမှာပေါ့ ။ တကယ်တမ်း မဲရုံတွေသွားလိုက်တော့ ၆ နာရီထိုးတဲ့အထိ ကြိုတင်မဲပုံးက ရောက်မလာဘူး ။ပြောလိုက်မှပဲ ကြိုတင်မဲပုံးဘယ်မှာလဲဆိုမှ လာနေပြီဘာညာဖြစ်ကုန်တာ။တချို့ဟာတွေကျ ပြောရတာလည်း ခက်တယ်။ ” လို့ သူက ထပ်မံ ပြောပါတယ်။
မြေပြင်မှာ တွေ့ရှိခဲ့ရတဲ့ ကြိုတင်မဲ ကိစ္စ နဲ့ ရွေးကောက်ပွဲ ကျင်းပချိန် မဲပေးမှု အခြေအနေ လွဲချော်မှု ဖြစ်စဥ်တွေကို အချက်အလက်နဲ့ စာရင်းပြုစုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို အကြံပြု တင်ပြသွားဖို့ရှိတယ်လို့ ဦးစောဟန်အေးက ပြောပါတယ်။
ရန်ကုန်တိုင်း ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှသော်ကလည်း ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ အခြေအနေက သိပ်ပြီး ထူးခြားမှုမရှိဘူးလို့ ပြောဆိုပါတယ်။
” မြေပြင်အခြေအနေ သုံးသပ်ကြည့်ရတာတော့အပိုင်း ၁ နဲ့ ၂ က သိပ်တော့ မကွာဘူး ။ ကြိုတင်မဲကိစ မရမ်းကုန်းဆို အတိအကျ ပြောတာရှိတယ်။ ဥပဒေ နည်းဥပဒေအရဆိုရင် ကြိုတင်မဲဆိုတာက ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်လောက်အလိုကတည်းက ဆောင်ရွက်ထားရမှာ ။နောက်တော့မှ ဒါကို ပါတီတွေရဲ့ သက်သေတွေရယ် လုံခြုံရေးကြိုးတွေ ချိတ်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းရတာကိုး ။မဲရုံဖွင့်တာနဲ့ မဲရုံကို ရောက်ရမယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် မဲပေးပြီးတာနဲ့ မဲရုံမှာ ဒီစာရင်းကို တခါတည်းရေတွက်ပြီး ကြော်ငြာကပ်ရမယ်။ ပါတီတွေရဲ့သက်သေ ပြည်သူတွေရဲ့ သက်သေတွေနဲ့ တခါ တည်းကပ်ရမယ့် သဘောရှိတယ်။ ဒါပေမယ့် တချို့လုပ်နေတာကတော့ စုရပ်တခုထားပြီး မြို့နယ်က အဲစုရပ်ကိုစုပြီး လုပ်တဲ့သဘောသွားတွေ့ရတယ်။
တချို့မြို့နယ်တွေမှာ လုံခြုံရေးကြိုးတွေ မသေချာတာတို့ဘာတို့ရှိတယ်။မြေပြင်သတင်းပေးချက်အရ သိရတာပေါ့။ မြေပြင်အခြေအနေကိုအကြီးအကဲဆီတင်ပြပြီးမှ အကြီးကဲတွေရဲ့ သုံးသပ်ချက်အပေါ်မူတည်ပြီး ထပ်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။
ကြိုတင်မဲပေးတာနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေ လိုက်ပါခွင့်ရပေမယ့်လည်း ကြိုတင်မဲပေးတဲ့ စာရင်းကို မသိရှိရဘူးလို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
ပြီးခဲတဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာတုန်းကလည်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ မြေပြင်မှာ ကြိုတင်မဲကိစ္စ နဲ့ပတ်သက်ပြီး ကွာဟချက် ၊ လိုအပ်ချက်တွေ တွေ့ရှိခဲ့ရ ကြောင်းသိရပြီး တွေ့ရှိချက်ကို UEC ကိုတင်ပြထားပြီး ခုထိတော့ အကြောင်းပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ် ။
” ကြိုတင်မဲဘယ်လောက်ရှိလဲ မသိရဘူး ။ မဲပေးတာလည်း မတွေ့ရဘူး ။ကြိုတင်မဲတွေက မဲထည့်မယ်ဆိုရင် လွတ်တော်ကိုယ်စားလှယ်တွေ သို့မဟုတ် ပါတီကိုယ်စားလှယ်တွေ ခေါ်ရမယ်လေ ။ မခေါိဘူးလေ ။ အဲဒါကြောင့်တိုင်လိုက်တာ ။ ခုတခေါက်တော့ ခေါ်တယ်လေ ။ ဒါပေမယ့် ခက်တာက ကြိုတင်မဲစာရင်းတွေက မသိရဘူး ။အခုလည်း ကြိုတင်မဲ ဘယ်သိရမလဲ ။အခုပြင်ပလူဆိုရင်တော့ ရဲတို့ တပ်တို့မဟုတ်ရင်တော့ ခေါ်တယ် ။ ” လို့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်ရှိခဲ့ပါက ရွေးကောက်ပွဲကော်မရှင်နဲ့ ဖြေရှင်းဆောင်ရွက်နိုင်ပြီး ကော်မရှင်မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
