နေပြည်တော်မှာ ပထမဆုံးအကြိမ် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၁၃- ၂၀၂၆
Voice Of Myanmar
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ က ဦးဆောင်ပြီးတော့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ MICC I မှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။
ဒီဖိုရမ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဇန်နဝါရီ ၁၃ ရက်နေ့ ကစပြီး ဇန်နဝါရီ ၁၅ ရက်နေအထိ ၃ ရက်တိတိ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဟာ (က) ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သောလူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်။( ခ ) အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်။ ( ဂ ) ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ ကျသောအခန်းကဏ္ဍကို ဖော်ထုတ်ရန်။(ဃ) တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့်တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်။( င ) ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ် စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏အကြံပြုချက်များ ပေါ်ထွက်လာစေရန်။ ( စ ) လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (YouthPolicy Paper) အား ရေးဆွဲတင်ပြနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖိုရမ်မှာ ဆွေးနွေးပွဲကဏ္ဍအတွက် သီးခြားရွေးချယ်ထားတဲ့ဝန်ကြီးဌာတွေက ကိုယ်စားလှယ်တွေနဲ့ နယ်ပယ်အသီးသီးကကျွမ်းကျင်ပညာရှင်များ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ။ လူထုအခြေပြု အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက်အဖွဲ့များမှ လူငယ်များ။ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးမှလူငယ်ကိုယ်စားလှယ်များ။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ (NCA-S EAOs) မှ လူငယ်ကိုယ်စားလှယ်များ။ JMC မှ လူငယ်ကိုယ်စားလှယ်များ။ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ။ စာပေနှင့် ဂီတအနုပညာရှင် လူငယ်ကိုယ်စားလှယ် တထောင်ကျော်တက်ရောက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖိုရမ်ကျင်းပနေတဲ့ သုံးရက်အတွင်းမှာ ငြိမ်းချမ်းရေး အသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း။လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေးနှင့် နိုင်ငံတည် ဆောက်ရေးတွင် လူငယ်များ၏ပါဝင်မှု အခန်းကဏ္ဍ။ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းတွင် လူငယ်များ၏ အခန်းကဏ္ဍ။ ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း။ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မြှင့်တင်ခြင်းအစီအစဉ်များ ဖော်ထုတ်ခြင်း။ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးသည့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစားအစီအစဉ်များ။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ။ စွန့်ဦးတီထွင်မှုနှင့်နည်းပညာအခြေပြု စီးပွားရေးဆိုင်ရာအတွေးအခေါ်များ ဖော်ထုတ်ခြင်း။ လူငယ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး။ လူငယ်နှင့်နည်းပညာသက်ရောက်မှုများ၊ ဆိုက်ဘာ (Cyber)၊ လူမှုကွန်ရက် (Social Media)၊ Online Security ၊ AI စနစ်ထူထောင်ရေးနှင့် ကွန်ရက်အဖွဲ့များ၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေး ဆိုတဲ့ ခေါင်းစဥ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – ရှိုင်းအောင် (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW