တောင်ငူမှာ အိမ်မီးလောင်ပြီး အငြိမ်းစားရဲမေသေဆုံးကာ သမီးနဲ့မြေးဖြစ်သူလည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ တောင်ငူမြို့ ၊ ၁၉ရပ်ကွက် ၊ မြင်းဖြူအင်းလမ်းရှိ နေအိမ်မှာ မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသမီးတယောက် သေဆုံးကာ နောက်ထပ် နှစ်ယောက်လည်း. မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစော ၃ နာရီလောက်မှာ နေအိမ်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၆၀ ကျော် အငြိမ်းစားရဲမေဖြစ်သူ ဒေါ်တင်တင်အေး သေဆုံးခဲ့ရပြီး မိသားစုဝင်ဖြစ်တဲ့ သမီးနဲ့ မြေးဖြစ်သူ တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
” မီးလောင် ထိခိုက်ဒဏ်ရာရတာက သမီးနဲ့ မြေးဖြစ်သူပါ ။သမီးက အသက် ၃၀ ကျော် အရွယ် ၊ မြေးက ယော​င်္ကျာလေး အသက် ၁၀ နှစ်ဝန်းကျင်ပါ ။ မီးလောင်ဒဏ်ရာတွေရတယ် ။ နှစ်ယောက်လုံးကို မနည်းဆွဲထုတ်ခဲ့ရတယ်။အခုတော့ သတိရပြီ စကားပြောနိုင်ပြီ သိရတယ်။ နောက်တယောက်ကတော့ ဆွဲထုတ်မရတော့ ဆုံးသွားတဲ့ သဘောရှိတယ်။ ဆုံးတာက အမှတ် ၂ ရဲစခန်းက အငြိမ်းစားရဲမေကြီးပါ ။ ” လို့ မီးလောင်ပြင် ကူညီရေးသွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေး အသင်းဝင်တယောက်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ယောက်ကို တောင်ငူဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး သေဆုံးရုပ်အလောင်းကိုတော့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ နေအိမ် အိပ်ခန်းအတွင်း ထွန်းထားတဲ့ ခြင်ဆေးခွေကမှ တဆင့် မွေ့ယာကို မီးကူးစက်ကာ လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်း ကနဦးသိရှိရပြီး မီးလောင်မှုကြောင့် ခြံဝန်းအတွင်းရှိ နေအိမ် လေးလုံး နဲ့ ဘေးအိမ် နံရံတွေ လောင်ကျွမ်းဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ တောင်ငူမီးသတ်ဌာန နဲ့ အတူ ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့တွေက ပူးပေါင်းငြိမ်းသတ်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။
ဓာတ်ပုံ – Taingoo Rescue

Related posts

Leave a Comment

VOM News

FREE
VIEW