စစ်ကိုင်းတိုင်းမှာ G5နဲ့ G9 စာ​မေးပွဲ ​ဖြေခွင့်မရသူ ၂၀၀ ​ကျော်ရှိ

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်းထဲမှာ G5 နဲ့ G9 စာမေးပွဲ ဖြေဆိုခွင့်ယာယီကတ်ပြား နဲ့ ခုံနံပါတ်ထွက်ထားပေမယ့် စာမေးပွဲဖြေခွင့်မရဘဲ ပြန်လွှတ်ခံခဲ့ရတဲ့ G5၊G9 ကျောင်းသား ကျောင်းသူ အရေအတွက် ၂၀၂ ယောက်အထိ ရှိနေတယ်လို့ သိရှိရပါတယ်။
စစ်ကိုင်းမြို့ #ထက် ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား ၇၇ ယောက်နဲ့ G9 ကျောင်းသား ၈၉ ယောက် ၊ Future Victory ကိုယ်ပိုင်ကျောင်းက G5 ကျောင်းသား သုံးယောက် နဲ့ G9 ကျောင်းသား ၁၃ ယောက် ၊ ဗန်းမောက်မြို့နယ်က G5 နှစ်ယောက်နဲ့ G9 တယောက် ၊ မုံရွာမြို့နယ် မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းက G5 ကျောင်းသား ၂၂ ယောက်တို့ စာမေးပွဲဖြေဆိုခွင့် မရခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
G5 နဲ့ G9 အတန်းတင်စာမေးပွဲ စတင်ဖြေဆိုတဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အဆိုပါ ကျောင်းသူကျောင်းသား ၂၀၂ ယောက်ဟာ စာမေးပွဲဖြေဆိုရမယ့် ကျောင်းကိုသွားရောက်ခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေဆိုခွင့် မပေးဘဲ ပြန်လွှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” Future က ကလေးတွေကလည်း ယာယီဖြေဆိုခွင့်ကတ်နဲ့ ခုံနံပါတ်ထွက်ပြီးသားပါ ။ဖြေမယ့်မနေ့ မနက် စာ​မေးပွဲဖြေဖို့ ရောက်တော့မှ ပြန်လွှတ်ခံရတာပါ ။ ” လို့ Future Victory ကိုယ်ပိုင်ကျောင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ၊ Future Vitory ကိုယ်ပိုင်ကျောင်း နဲ့ ဗန်းမောက်မြို့နယ်က G5 နဲ့G9 ကျောင်းသားကျောင်းသူ ၁၈၀ ယောက်ကိုပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် စာမေးပွဲယာယီ ဖြေဆိုခွင့် ပြုနိုင်ရေး ခရိုင်ပညာရေးမှူးရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၆) ယောက်ဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ စာမေးပွဲ ယာယီ ဖြေဆိုခွင့်ပြုရန် နဲ့ ကျောင်းသားကျောင်းသူတွေရဲ့ TC ၊ ပူးတွဲ(၂)၊ ထောက်ခံစာတွေကို မြို့နယ်ပညာ၊ ခရိုင်ပညာ၊ တိုင်းပညာများ မှ စစ်ဆေးပြီးသောအခါ အထောက်အထား မှန်ကန်မှုရှိမှသာ အတန်းအောင်စာရင်းမှသာ ထည့်သွင်းရန်နဲ့ အထောက်အထားမှန်ကန်မှုမရှိပါက အတန်းအောင်စာရင်းမှာ ထည့်သွင်းခြင်း မပြုရန်အကြောင်းကြားခဲ့တဲ့အတွက် စာမေးပွဲ ယာယီဖြေဆိုခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ခုံနံပါတ်နဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ၊ စာမေးပွဲဖြေဆိုရမယ့်ဌာနစာရင်း ထွက်ရှိပြီး စာမေးပွဲဖြေဆိုမယ့်နေ့ရောက်မှ ဖြေဆိုခွင့်မပြုဘဲ ပယ်ချလိုက်တာကြောင့် ဖြေဆိုခွင့်မရတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်နေရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
” မုံရွာမှာ G5ကျောင်းသား ၂၂ ယောက် စာဖြေခန်းကိုရောက်မှ ဖြေဆိုခွင့်မရခဲ့တာ ဖြစ်ပါတယ်။ ဒီကျောင်းသားတွေက အမှန်တကယ် ကျောင်းတက်ခဲ့ပြီး အတန်းကျော်လည်း မဟုတ်ပါဘူး ။ ဖြေဆိုခွင့်ယာယီကတ်ပြား ၊ခုံနံပါတ် တွေလည်းရခဲ့ပြီး စာဖြေဌာနလည်း ထွက်ခဲ့ပြီးပါပြီ။စာမေးပွဲဖြေမယ့် မနက် စာဖြေခန်းရောက်မှ ဖြေဆိုခွင့်ရခဲ့တာပါ။ “လို့ မုံရွာမြို့ မဟာကန်ဦး ဘက ကျောင်းနဲ့နီးစပ်သူ တယောက်က ပြောပါတယ် ။
ထက် ကိုယ်ပိုင်ကျောင်းအုပ်ကတော့ စာမေးပွဲဖြေခွင့်ပယ်ချခံရတဲ့ စာမေးပွဲဖြေဆိုခွင့်ရရှိရေးအတွက် ကလေးမိဘတွေရဲ့လက်မှတ်နဲ့အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီး မိတ္တူကို ဒုဝန်ကြီး ၊ တိုင်းဝန်ကြီးချုပ်၊ တိုင်းပညာရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေး ၊ ခရိူင်နဲ့ မြို့နယ်ပညာရေးမှူးရုံးကို အသနားခံ တင်ပြတောင်းဆိုထား တယ်လို့ သိရပါတယ် ။
အဆိုပါ ထက်ကိုယ်ပိုင်ကျောင်း နဲ့ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နှင့် ပုဒ်မခွဲ ဍ မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခြင်း ကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစပြီး ပိတ်သိမ်းဖို့ ဆုံးဖြတ်ထားတဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယခုဖြစ်စဉ်မှာပါဝင်တဲ့ G5 ကျောင်းသားကျောင်းသူ ၇၂ ယောက်နဲ့ G9 ကျောင်းသားကျောင်းသူ ၈၉ ယောက်ဟာ ကျောင်းအပ်နှံစာရင်းမှာ ပါဝင်မှု မရှိခြင်း၊ အဆိုပါကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့တဲ့ ကျောင်းသားလချုပ် စာရင်းမှာ ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)မှာ ပါဝင်မှုမရှိဘူးလို့ ဆိုပါတယ်။
ကျောင်းကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးချိန်မှာလည်း အဲဒီ ကျောင်းသားတွေက အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနဲ့ နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားတဲ့ အထောက်အထားများ မရှိတဲ့​အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြား ရယူခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ် ။
ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့ခြင်းနဲ့ပတ်သက်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော ကျောင်းသားတွေကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးခဲ့တဲ့ စစ်ကိုင်းခရိုင်ပညာရေးမှူးကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခုလို စာမေးပွဲဖြေဆိုခွင့် ပယ်ချခံရတဲ့ ကလေးတွေအနေနဲ့ စိတ်ဒဏ်ရာရလည်း ရရှိနိုင်သလို စာမေးပွဲဖြေဆိုခွင့် တနှစ်ဆုံးရှုံးခဲ့ကြရတဲ့အတွက် ကလေးတွေရော ကျောင်းသားမိဘတွေအတွက်ပါ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတာကြောင့် သေချာကိုင်တွယ်ပြီး ကလေးတွေအတွက် စဥ်းစားပေးကြဖို့ ပြည်သူတွေက ဆန္ဒရှိနေကြပါတယ်။
ပြည်သူ တယောက်ကလည်း ” စစ်ကိုင်းက ထက်ကိုယ်ပိုင်အထက်တန်းကျောင်း ကိစ္စဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် သင်ခန်းစာတွေ ပေးသွားတယ်။ တကယ်တော့ ဒီပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှ မိဘတွေကြောင့်ပဲ ဖြစ်ဖြစ်၊ ဆွေမျိုးတွေကပဲ ဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်းကပဲ ဖြစ်ဖြစ် ဖိအားပေးလို့ ကျောင်းမတက်ခဲ့တဲ့ ကလေးတွေ၊ လူငယ်တွေ အတော်များပါတယ်။ အညာဒေသမှာ ပိုများတာပေါ့။ အဲဒီကလေးတွေအတွက် လက်ရှိ နိုင်ငံတော်ရဲ့ တရားဝင် ပညာရေး စနစ်ထဲကို ပြန်ဆွဲခေါ်ဖို့ နိုင်ငံတော်မှာ တာဝန်ရှိပါတယ်။ ကိုယ်ပိုင် အထက်တန်းကျောင်း တကျောင်းက စည်းမျဉ်း စည်းကမ်၊ လုပ်ထုံး လုပ်နည်း မလိုက်နာလို့ အရေးကြီးတဲ့ အစိုးရစစ် စာမေးပွဲတွေကနေ ကန့်သတ်ထားရင် ဒီကလေးတွေဟာ ပညာရေးနဲ့ ခါးဆက်ပြတ်သွားမယ်။ ပညာရေးနဲ့ ဝေးသွားရင် တိုင်းပြည်ရဲ့အန္တရာယ်၊ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ် ဖြစ်သွားမယ့်အရေးကိုထည့်စဉ်းစာပေးကြပါ။” လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစတင်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် စာသင်ကျောင်းတွေနဲ့ အလှမ်းကွာဝေးခဲ့တဲ့ ကလေး ကျောင်းသားကျောင်းသူအများအပြားရှိခဲ့ပါတယ်။
နိုင်ငံရေးအပြောင်းအလဲကြောင့် ကျောင်းဆက်မတက်တော့ဘဲ CDM လုပ်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ ခုချိန်ထိရှိနေဆဲ ဖြစ်ပါတယ်။
ဒါအပြင် နယ်မြေမအေးချမ်းတဲ့အတွက် ကျောင်းတက်ခွင့်တွေ ဆုံးရှုံးနေရတဲ့ ကျောင်းသူကျောင်းသားတွေလည်း အများအပြားရှိနေတဲ့ကာလမှာ ခုလို စာမေးပွဲဖြေဆိုဖို့ စိတ်အားထက်သန်စွာနဲ့ကြိုးစားလာနေတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲဖြေခွင့်မပြုဘဲ ပယ်ချခြင်းအစား ဖြေဆိုခွင့်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW