ဖေဖော်ဝါရီ ၂၅ – ၂၀၂၆
SN (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လယ်ပိုင်းက ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ မြဝတီမြို့ (တောင်ဘက်) ဖလူး – မဲကနယ် တောလမ်းတနေရာမှာ မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတစီးပျက်လို့ ဆင်းတွန်းနေကြချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖြစ်တဲ့နေရာက လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူနားက ရဲကုန်းမှာဖြစ်တာ။ ဒရုန်းကျပြီးတဲ့အချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ သေတဲ့သူတွေက လေးယောက်က နေရာမှာတင် ပွဲချင်းပြီးတယ်။ တယောက်ကတော့ ကုသမှုခံယူနေရင်း ဆုံးသွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒရုန်းကျရောက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင်တချို့ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် DKBA က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းဟာ မြဝတီ၊ ဖလူးနဲ့ ကျောက်ခက်ဘက်ကို တောလမ်းအတိုင်း ဆက်သွယ်ထားတာဖြစ်ပြီး ကြားနေရာမှာ ဖလူးဒေသဘက်ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းရှိတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
“ဒီလမ်းပိုင်းကို စစ်ရေး အခြေအနေကြောင့်ဆိုပြီး နှစ်ဖွဲ့စလုံးက သွားလာခွင့် ပိတ်ထားတာ။ ပိတ်ထားတဲ့အချိန်မှာ ခိုးသွားကြတော့ အခုလိုတွေ ဖြစ်ကုန်တာ။ ဒီမြဝတီဘက်မှာဆိုရင် အစိုးရတပ်တွေက နယ်မြေစိုးမိုးထားတာ။ ကျောက်ခတ်ဘက်ကိုတော့ DKBA က အဓိက ထိန်းချုပ်ထားတာပါ” လို့ သူက ပြောပါတယ်။
မြဝတီမြို့ (တောင်ဘက်)၊ ၁၀ မိုင်ခန့်အကွာ ဖလူးဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာကတည်းက တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီ တိုက်ပွဲတွေကြောင့် မြဝတီ – ဝေါလေ လမ်းမကြီးဟာလည်း အသုံးပြုလို့မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ မဲကနယ် – ဖလူး – ကျောက်ခတ် တောလမ်း အနီးဝန်းကျင်က ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံကျေးရွာတွေဘက်မှာ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ရေး လှုပ်ရှားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
