ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ဝါးတွေကို “ဝ” တပ်ဖွဲ့ (UWSA) က အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆုံမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့က “ဝ” တပ်ဖွဲ့ (၁၇၁) စစ်ဒေသမှ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဟာ မိုင်းတုံမြို့ နယ်၊ နမ့်ဟူးခွန်လားဟူရွာက တောင်ယာတဲ အတွင်းကနေ အိုက်စ် (Ice) မူးယစ်ဆေးဝါး ၄၆၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ တာပါ။
ဒါ့အပြင် မိုင်းတုံမြို့နယ် လီဆူရွာအတွင်းမှာလည်း ဘိန်းဖြူဘလောက်တုံး ၃၁၆ တုံးနဲ့အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုအတွင်းမှာ မူးယစ်ဂိုဏ်းတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ် ပွားခဲ့ပြီး “ဝ” တပ်ဖွဲ့ဘက်က တပ်သားတယောက် ကျဆုံးခဲ့ပါတယ်။
“ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးသွားတာ မှန်ပါတယ်” လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံနှစ်ယောက်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မိုင်းတုံမြို့နယ်အတွင်းက အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်း ပေး အပ် ခဲ့ပါတယ်။
“ဝ” တပ်ဖွဲ့အနေနဲ့ ဒေသအတွင်းဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အခုလို လွှဲပြောင်းပေးအပ်တာဟာ (၂၅) ကြိမ်မြောက် ရှိပြီလို့ “ဝ” တပ်ဖွဲ့ဘက်က ပြော ပါတယ်။
“ဝ” တပ်ဖွဲ့အနေနဲ့ နယ်စပ်တစ်လျှောက် မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ သိရပါတယ်။
