သူတို့အိမ် အခန်း – ၆၆

ဆူးငှက်
လျှပ်ခိုးတိမ်တောင် လွမ်းလေအောင်
——————————————
“ဟေဝန်စုံမြိုင်၊ သင်းကြိုင်ညှာလန်း၊ ပုံပုံဘွေ၊ ထွေဆန်းလှလေး..၊
မြပန်းကိုက်ရုံ၊ ခိုးရီမှုန်၊ တိမ်ပုံဆင်စ၊ မြောက်ပြန် သွင်းလေချီ…။
ဖီလာလေ ရိုက်ပါလို့၊ ပုံတိုက်ကယ်ကွဲ၊ သဲငွေဖြူသောင်၊ မယ်မောင် ခေါ်တမ်း၊
တူရေသဘင်၊ မြူးရွှင်ကြ သာမြိုင်လယ်..။
မှိုင်ပန်းဘွယ်၊ ကျွမ်းတယ်လေ ကြေကွဲ၊
ယက်ပြေးရေလျှံ လှိုင်းသံက သဲ..။
အဆောင်ခိုနန်းချိုးများနှင့် အိမ်ပေါ်က စောင်းသံ နှင့် သီချင်းသံက အိမ်ပြင်ဘက် ကပြင်အထိ သွဲ့သွဲ့နွဲ့နွဲ့ ထွက်ပေါ်လာသည်။ သီချင်းက ဟေဝန်စုံမြိုင် အစချီ ကိန္ဒရာ ချောင်းခြားကြီး ပတ်ပျိုး။ မင်းတုန်းမင်းလက်ထက် ဇာတ်ဆရာ မောင်ကျောက်ခဲ ရေးသည့် သီချင်းဖြစ်သည်။ စောင်းကို ပိရိပိုင်နိုင်စွာ တီးခတ်နေသူက ထူးဆန်းလှချည့်၊ သင်္ကန်းဝတ်နှင့် ဖြစ်သည်။ သီဆိုသူက အရွယ်မကြီးလှသေးသည့် အမျိုးသားတစ်ဦးဖြစ်ကာ စောင်းတီးနေသည့် သင်္ကန်းဝတ်နှင့် ပုဂ္ဂိုလ်က မောင်မှန်းရေ..၊ လာစမ်းပါဦးကွာ၊ ခင်မောင်က စောင်းလေးဘာလေး ကြိုက်ပါတယ်၊ ဒို့တီးရအောင်၊ ကဲ ခင်မောင် မင်းဘာကြိုက်သလဲ ဟူသော မေးသံကြောင့် မောင်မှန်းဟု သိရသည်။
ထို့ပြင် စောစောကမှ စကိုဒါ ကားလေးနှင့် ဝင်လာပြီး ဆတ်ကျောင်း၏ လုံခြုံရေးမှူး သင်တန်း ဥပဒေနည်းပြအဖြစ် ဆောင်ရွက်နေကြောင်း သိသာစေသည့် အဆောင်အယောင်နှင့် ၂၇နှစ်အရွယ် လူငယ်က စောင်းဆရာကြီး အပြောအရ ခင်မောင်တဲ့။ သူက အိမ်ရှင် ဖြစ်လိမ့်မည်။ စောင်းဆရာကြီးဘေး စည်းဝါးလေးကိုင်ကာ ကျုံ့ကျုံ့ရုံ့ရုံ့ထိုင်နေသည့် ကိုယ်ဟန်ကျော့ကျော့ မိန်းမပျိုက အိမ်ရှင် လူငယ်နှင့် ဇနီးမောင်နှံ ဖြစ်လိမ့်မည်။ သူတို့ စောင်းတီးခတ်နေကြသည့် ဧည့်ခန်း၏ အတွင်းနံရံမှာ ချိတ်ဆွဲထားသော ပြက္ခဒိန်က ခရစ်နှစ် 1920 ဟူသော စာလုံးကို သိသာစွာ မြင်နေရ၏။
အိမ်၏ ကပြင်အတက်တွင် ချိတ်ဆွဲထားသော ကြေးဆိုင်းဘုတ်လေး၏ စာသားအရတော့ ကိုခင်မောင် ဆိုသူမှာ အမိန့်တော်ရ ဝတ်လုံ တစ်ဦးဖြစ်ကာ ဦးခင်မောင်ဒွေးဟု နာမည် အပြည့်အစုံ ဖြစ်ပါသည်။ ကျုံ့ကျုံ့လေး ထိုင်ကာ စည်းလိုက်နေသူက “မေ” တဲ့။ သူကလည်း မြန်မာစောင်းကောက်ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူဖြစ်သည်။ ဦးခင်မောင်ဒွေးကလည်း ဝတ်လုံပေမယ့် သူကလည်း စောင်းကို ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။ ပါတော်မူပြီးစအချိန် တနင်္ဂနွေနေ့တိုင်း ဦးခင်မောင်ဒွေး၏ မိဘများနေအိမ်တွင် မင်းဆွေ မင်းမျိုးနှင့် မှူးဟောင်း မတ်ဟောင်းများ စုကြပြီး ထိုစဉ်က အုပ်ချုပ်နေသည့် အင်္ဂလိပ်အရာရှိများ၏ အတင်းအဖျင်းကို ပြောကြ၊ လက်ဖက်ရည်နှင့် ကရေကရာ နနွမ်းမကင်းစသော မုန့်များကို စာသောက်ကြပြီး မဟာဂီတလာ သီချင်းများကို စောင်း ပတ္တလား ပုလွေစသော တူရိယာ များဖြင့် တီးခတ်ကြသည့် ဝိုင်းက အမြဲရှိသည်။ စဉ်ဆက်မပြတ် စုဝေး စကားပြော စားသောက် တီးခတ်ကြသည်မှာ ၁၈၉၃ ခုနှစ် ခင်မောင်ဒွေးလေး မွေးဖွားပြီးနောက် လူပျိုပေါက်အရွယ်ထိပင် မပြတ်လတ်ခဲ့ပေ။
ဆိုကြ တီးကြ ညှိနှိုင်းကြ မပျောက်စေရ မဟာဂီတ
——————————————————
ထိုမဟာဂီတဝိုင်းသို့ လာရောက်လေ့ရှိသူများမှာ ဝက်မစွတ်ဝန်ထောက်မင်း၊ ရွှေတိုက်အတွင်းဝန်မင်းတို့ အပါအဝင် စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၊ အဆိုတော် ဘုန်းကြီးပေ၊ တစ်ခါတရံ စောင်းဆရာကြီး ဆရာသိန်းနှင့် သမီး စောင်းဆရာမ ဒေါ်သူဇာ တို့ အဖွဲ့ လိုက် တီးကြဆိုကြလေ့ရှိသည်။ ထို့ကြောင့် မောင်ခင်မောင်ဒွေး၏ ဖခင်ကြီးက သူ့သားသမီးတွေကို စောင်းဆရာမ ဒေါ်သူဇာ ထံတွင် စောင်းတီးသင်စေခဲ့သည်။ ထိုမျှမက သမီးများ ကွန်ဖင့်ကျောင်း တက်တော့လည်း ကွန်ဖင့်ကျောင်းက အင်္ဂလိပ်စန္ဒရားဆရာမ ထံက စန္ဒရားအတီး သင်စေခဲ့သည်။
မောင်ခင်မောင်ဒွေး ကတော့ ငယ်စဉ်ကတည်းက စောင်းသံနှင့် မဟာဂီတအကြားမွေးဖွားကြီးပြင်းကာ နားရေဝနေသည်။ ထို့ကြောင့် စောင်းပညာကို နန်းတွင်း စောင်းဆရာကြီးဒေဝဣန္ဒာမောင်မောင်ကြီးထံက ဆက်လက် သင်ကြားခဲ့သည်။ ထိုမျှမက မြန်မာ့မဟာဂီတကို တန်ဘိုးထားကာ မပျောက်မပျက်စေလိုသောကြောင့် မန္တလေးရှိ ပညာရှင်ကြီးများနှင့် အတူ မဟာဂီတ အသင်းကိုပင် တည်ထောင်ခဲ့သေး၏။
မောင်ခင်မောင်ဒွေးက စောင်းနှင့် မဟာဂီတနှင့် အဘယ်မျှ ရေစက်ပါသည်ဟူမူ အသက် ၂၆နှစ်အရွယ် ၁၉၁၉ခုနှစ်တွင် စောင်းပညာရှင် “မေ” နှင့် အကြောင်းပါခဲ့သည်။ စောင်းပညာရှင် “မေ” ရော မောင်ခင်မောင်ဒွေးရော စောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီး၏ တပည့်များ ဖြစ်ကြသည်။ မောင်မောင်ကြီးက မင်းတုန်းမင်း၏ ရှေ့တော်ပြေး စောင်းဆရာကြီး မောင်မောင်သိုက်၏ ယောက်ဖဖြစ်သည်။ မောင်မောင်ကြီး၏ အစ်မအကြီးဆုံး မှန်နန်းအပျိုတော် စာတော်ဖတ် ခင်ခင်ကြီးက မောင်မောင်သိုက်၏ ဇနီးဖြစ်သည်။
ဘုရင်၏ ရှေ့တော်ပြေး အဖွဲ့တွင် မောင်မောင်သိုက်က စောင်းဆရာ၊ ဦးပေ က အဆိုတော်ဖြစ်ပြီး မောင်မောင်ကြီး က မိကျောင်းတီးခဲ့သည်။ နောက်တော့ မောင်မောင်ကြီး က စောင်းကိုလည်း သင်ယူတီးခတ်ရာတွင် လက်သံအင်မတန်ထူးခြားသည့် စောင်းပါရမီရှင် တစ်ဦး အဖြစ် ရွှေနန်းတော်တွင်း ထင်ရှားခဲ့သည်။
နောက်တော့ ယောက်ဖဖြစ်သူ မောင်မောင်သိုက် ကိုယ်တိုင်က ရှေ့တော်ပြေးရာထူးကို မောင်မောင်ကြီး အား လွှဲအပ်ကာ ဘုရင့် ရှေ့တော်မှောက် မောင်မောင်ကြီးကိုပဲ စောင်းတီးစေခဲ့သည်။
နန်းတွင်း စောင်းပညာရှင်ကြီး၏ သားအပူ
———————————————
ပါတော်မူပြီးနောက်ပိုင်း မဟာဂီတ မပျောက်ပျက်ရေးအတွက် မန္တလေးရှိ ပညာရှင်များ စုစည်းကာ ပညာနွေးကြ ပညာဖလှယ်ကြရာ ထိုသို့သော ဂီတဝိုင်းများသို့ ဒေဝဣန္ဒာမောင်မောင်ကြီး ကြွရောက်လာပါက သူ့ကို ဇောင်းသင်ဖြူး ခင်းပေးရသည်။ သူက ထိုင်မသိမ်းနှင့် ရွှေကျင်ခတ်ပုဝါပေါင်းပြီး မန္တလေးပိုးပုဆိုး တောင်ရှည်နှင့် လာတတ်သည်။ ဝိုင်းသို့ရောက်၍ ရာသီဥတုက ပူအိုက်ပါက ဝတ်လာသည့် အဝတ်အစားများကို လဲကာ စွပ်ကျယ်နှင့် ကလနံနှင့် ချည်း နေတတ်သည်။ သူ့စောင်းကိုတော့ ကတ္တီပါအိတ်နှင့် စွပ်ထားကာ အခြားသူ ယူ၍မတီးစေရပါ။
ဒေဝဣန္ဒာ မောင်မောင်ကြီးက မောင်ခင်မောင်ဒွေးတို့ အိမ်ရောက်လျှင် ခေါင်းပေါင်းချွတ် ထိုင်မသိမ်းချွတ်ပြီး စောင်းကိုယူကာ အသံညှိသည်။ ကြိုးညှိပြီးသည်နှင့် ပဒေသာကို တီးတော့သည်။ ဒေဝဣန္ဒာ က လူအနေနှင့် အလွန်ကျစ်လျစ်ပြီး ချစ်ဖွယ်အဆင်းရှိသည်။ သူများအကြောင်း ကောင်းခြင်းဆိုးခြင်း မည်သည့်အခါမှ မပြောဘဲ စကားနည်းကာ အနေအထိုင်လည်း သန့်ရှင်းသည်။ အသောက်အစားလည်းကင်းပြီး ပညာရှင်ပီသလှ၏။ အရပ်က မနိမ့်မမြင့် ပိန်ပိန်သေးသေး ဖြူဖြူနွဲ့နွဲ့နှင့် ဆံပင်က လူတစ်ရပ်ရှိသည်။
မင်းတုန်းမင်းလက်ထက်ကတည်းက ရှေ့တော်ပြေးအဖြစ် ရှေ့တော်မှောက် စောင်းတီးခွင့် ရသော်လည်း သားတော် သီပေါမင်း လက်ထက်ရောက်မှ ရှေ့တော်ပြေးအဖြစ် ဒေဝဣန္ဒာဘွဲ့ကို ချီးမြှင့်ခံရ၏။ ပါတော်မူပြီးနောက် မောင်ခင်မောင်ဒွေးတို့အိမ်တွင် ပညာရှင်များ စုစည်းတီးမှုတ်ကြသောအခါ ရှေ့တော်ပြေးမောင်မောင်သိုက်မှာ ရှိသေးသော်လည်း မလာတော့ပေ။ ထို့ပြင် နန်းတွင်းက ပညာရှင်တစ်ဦးဖြစ်သူ ကွမ်းဖိုးထိန်းကိုလည်း ရှာမတွေ့ကြတော့။ ဒေဝဣန္ဒာ က စောစီးစွာပင် ဇနီးမယားကွယ်လွန်သောကြောင့် သားလေး မောင်လေးခင် တစ်ယောက်ကျန်ရစ်သည်။
ထိုသားလေးက ရှမ်းပြည်က ရှမ်းအမျိုးသမီးလေးနှင့် အိမ်ထောင်ပြုပြီး အိမ်သို့ ခေါ်လာသည်။ တစ်နေ့တွင် ရှမ်းမလေးက ဖန်လက်ကောက်များကို ဝယ်၍ဝတ်ဆင်သောအခါ ယေက်ခမဖြစ်သူ ဒေဝဣန္ဒာ က ဖန်လက်ကောက်ဆိုတာ ခဏနှင့် ကျိုးတတ်သည့် အဖိုးမတန်သော အမျိုးကို ပိုက်ဆံပေး၍ ဝယ်ရကောင်းလားဟု ဆူမိလေသောကြောင့် ချွေးမလေးက စိတ်ခုကာ ရှမ်းပြည်သို့ ပြန်သွားသည်။ ထိုအခါ သားဖြစ်သူ မောင်လေးခင် က မိန်းမရှိရာ ရှမ်းပြည်သို့ လိုက်မည် ဆိုသောကြောင့် ဒေဝဣန္ဒာ က ငါ့သား တစ်ယောက်ထဲ မလိုက်လေနဲ့၊ အဖေရော လိုက်ခဲ့မယ်၊ မိုးကုန်တော့ သွားကြတာပေါ့ ဟု ဆိုင်းငံ့လိုက်ရာ သားဖြစ်သူက စိတ်ညစ်ညစ်နှင့် ကျုံးထဲဆင်း သေလိုက်သည်။
ထိုအခါ ဒေဝဣန္ဒာကြီးလည်း တစ်ဦးတည်းသောသားလေး ဆုံးပါးသွားသောကြောင့် စိတ်ထိခိုက်ကာ သင်္ကန်းဆီးလိုက်တော့သည်။ သို့သော် သူ့ထံက စောင်းပညာကို ဆက်လက်သင်ပြပေးရန် တပည့်များက ပူဆာကြ သောကြောင့် ဆရာတော်ကြီးများထံလျှောက်ထားရာ ဆရာတော်ကြီးများက ဂီတလို မသင်ပြဘဲ ပညာလို သင်ပြရင် အပြစ်လွတ်ပါတယ်ဟု ဆုံးဖြတ်ပေးကြသဖြင့် သင်္ကန်းဝတ်နှင့်ပင် စောင်းပညာကို ဆက်လက် သင်ပေးနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝတ်လုံတော်ရ ဦးခင်မောင်ဒွေး က စောင်းပညာရှင် “မေ”နှင့် အိမ်ထောင်ပြုပြီး နောက်နှစ် ၁၉၂၀ တွင် သင်္ကန်းဝတ်ဖြင့် ဦးခင်မောင်ဒွေးတို့ မိဘများ အစဉ်အဆက်နေထိုင်သည့် အိမ်သို့ ကြွလာပြီး တပည့်ဖြစ်သူ “မေ” က စည်းဝါးတီးပြီး တပည့်ဖြစ်သူ ဝတ်လုံတော်ရ ဦးခင်မောင်ဒွေး တောင်းဆိုမှုအရ ဟေဝန်စုံမြိုင် ကိန္ဒရာချောင်းခြားကြီး ပတ်ပျိုးကို ထူးခြားသောလက်ကွက်ဖြင့် တီးခတ်ပြခြင်းဖြစ်သည်။
ရာဇဝင် တွင်ခဲ့သည့် နေရာ
———————————-
ဦးခင်မောင်ဒွေး ဆိုသည်မှာ မန္တလေးတွင် ထင်ရှားသည့် ဝတ်လုံတော်ရ ဖြစ်သလို အစဉ်အဆက် မန္တလေး၏ မြို့မိမြို့ဖတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် မဟာဂီတ အသင်းကြီးကို ထူထောင်ခဲ့ရာတွင် ဦးဆောင်သူတစ်ဦးလည်း ဖြစ်သကဲ့သို့ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၏ တပည့် စောင်းဆရာ မဟာဂီတ ပညာရှင်လည်းဖြစ်သည်။ ထို့ပြင် ဒေဝဣန္ဒာ၏ တပည့်တစ်ဦးလည်း ဖြစ်ပြီး နောင် မန္တလေးပန်တျာကျောင်းတွင် စောင်းနည်းပြအဖြစ်တာဝန်ယူခဲ့သူ စောင်းပညာရှင် “မေ” ၏ တစ်ချိန်က ခင်ပွန်းလည်းဖြစ်သည်။
တကယ်တော့ ဝတ်လုံတော်ရ ဦးခင်မောင်ဒွေး ဆိုသည်မှာ ရတနာပုံနေပြည်တော်၏ ထင်ရှား ထက်မြက်သော ယောအတွင်းဝန် ဦးဘိုးလှိုင် ဟု လူသိများကြသည့် ရွှေပြည် ဝန်ကြီး၏ မြေးအရင်းလည်း ဖြစ်ပါ၏။ ရွှေပြည်ဝန်ကြီး၏ သမီး ရွှေပြည်ခင်ခင်လေးနှင့် ညောင်ဝန်းဝန်ထောက်မင်းသား မောင်မောင်လေးတို့ သင့်မြတ်ရာမှ ၁၈၉၃ခုနှစ်တွင် ဦးခင်မောင်ဒွေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ယခု ကျွန်တော်တို့ ကျူရှင်တက်မည့် အားသစ်အလွတ်ပညာသင်ကျောင်း တည်ရာ ဝင်းကြီးထဲက ခိုနန်းချိုး အဆောင် ဆင်ဝင်နှင့် ခြေတံရှည် အိမ်တော်က စောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီးတို့ လာရောက်၍ မဟာဂီတသီချင်းများ စုဝေးတီးခတ်ခဲ့ကြသည့် နေရာဖြစ်ကာ ဒေဝဣန္ဒာကြီး သင်္ကန်းဝတ်နှင့်ပင် လာရောက် စောင်းတီးသည့် ဘူမိနက်သန်လည်း ဖြစ်ခဲသည်။ ကျွန်တော်တို့ မြင်တွေ့နေရသည့် စကိုဒါကားလေးနှင့် အသက် ၈၀ ဝန်းကျင် ပုဂ္ဂိုလ်ကြီးက ယောမင်းကြီးဦးဘိုးလှိုင် ခေါ် ရွှေပြည်ဝန်ကြီး၏ မြေးဖြစ်သူ ဝတ်လုံတော်ရ ဦးခင်မောင်ဒွေး ဖြစ်သည်။ ၁၀နှစ်ကျော်ခန့် ငယ်ရွယ်သူ အမေကြီးက ဦးခင်မောင်ဒွေး၏ ဒုတိယအိမ်ထောင် ဒေါ်မေ ဖြစ်သည်။ (ပထမအိမ်ထောင် စောင်းပညာရှင် မေ နှင့် နာမည်တူသည်)။ ၁၅နှစ်အရွယ် ကလေးမလေးက အမှတ် ၈ အ.ထ.က တွင် ပညာသင်ကြားနေသော မြေးမလေးပေါ့။
ကိုင်း… ဒီနေရာလောက် ရာဇဝင်တွင်မည့် နေရာ ရှိပါ့မလားလေ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW