မတ် ၅ ၊ ၂၀၂၆
GG (VOM)
လက်ကိုင်ဖုန်းတွေကို အခွန်ဆောင်ပြီးမှသာ အသုံးပြုနိုင်မယ့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)ကို ယခုမတ်လ ပထမပတ်ကစပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေကတော့ အခွန်ပေးဆောင်ဖို့ မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်းမှာ အလိုအလျောက်ထည့်သွင်း ပေးသွားမှာ ဖြစ်တာကြောင့် ခွင့်ပြုစာရင်းပါရှိနိုင်ရေးအတွက် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လက်ကိုင်ဖုန်းမှာ ဖုန်းဆင်းကတ်ကို ထည့်သွင်းအသုံးပြုထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ခွင့်ပြုစာရင်းမှာ မပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေအနေနဲ့ကတော့ ဧပြီလ ၁ ရက်နေ့ကစပြီး
မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နဲ့ စတင်ချိတ်ဆက်အသုံးပြုချိန်ကနေ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့် ရရှိမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ကျသင့်အခွန်နဲ့ ဒဏ်ကြေး ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုတာက အခွန်မဆောင်ဘဲ ပြည်ပကနေ တရားမဝင်နည်းလမ်းနဲ့ လက်ကိုင်ဖုန်း၊ အပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။
” IMEI ဆိုတာက ဖုန်းတိုင်းမှာပါတဲ့ သီးသန့်နံပါတ်တခုပါ ။ဖုန်းမှာ *#06# နဲ့စစ်လိုက်ရင် IMEI နံပါတ် ပေါ်ပါတယ်။ CEIR ဆိုတာကတော့ တရားမဝင်သွင်းလာတဲ့ဖုန်းတွေကို IMEI နဲ့စစ်ပြီး ပိတ်နိုင်တဲ့ system တခုပါ ။ ဒီတော့ အခုကြေငြာချက်က မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဖုန်း IMEI တွေကို CEIR မှာ စာရင်းသွင်းရမယ်။ မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေကို နောက်ပိုင်းမှာ network ပိတ်နိုင်တယ် ။ ဆင်းကတ်ထည့်သုံးမရနိုင်တော့တာမျိုးပေါ့။ဒီတော့ ကိုယ့်ဖုန်းရဲ့ IMEI ကို စစ်ပြီး CEIR ဝက်ဆိုက်မှာ စစ်ပါ ။မှတ်ပုံတင်ရမယ်ပေါ့။ ဒါပေမယ့် ခု စာအရတော့ ဒီလ နောက်ဆုံးအထိ ဖုန်းအားလုံးက အလိုအလျောက် စာရင်းသွင်းပေးမယ်ပြောထားတော့ ဖုန်းတွေထဲမှာ ဆင်းကတ်ထည့်ထားဖို့ လိုပါတယ်။ အဲဒီနောက်ပိုင်းဖုန်းတွေကတော့ အခွန်ဆောင်ပြီးမှပဲ သုံးလို့ရတော့မယ့် သဘောပါ ။ ” လို့ IT ကျွမ်းကျင်သူ တယောက်က မှတ်ချက်ပြုပြောပါတယ်။
ဒါကြောင့် ဧပြီလ နောက်ပိုင်းကစပြီး မိုဘိုင်းလက်ကိုင်ဖုန်း အပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းတွေကို
ပြည်ပမှ တင်သွင်းလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်သွင်းဆောင်ရွက်ရမှာဖြစ်ပြီး ကျသင့်အခွန်ကို ပေးဆောင်ပြီးမှသာ CEIR စနစ်ရှိ ခွင့်ပြုစာရင်းမှာ ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
မိုဘိုင်းလက်ကိုင်ဖုန်းနဲ့ ဖုန်းအမျိုးအစားအလိုက် IMEI ကို CEIR ဝက်ဘ်ဆိုက်မှာ ထည့်သွင်းပြီး အွန်လိုင်းမှတဆင့် ငွေပေးချေမှုနည်းလမ်းနဲ့ ကျသင့်အခွန်နှင့်ဒဏ်ကြေးကို ပေးဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
နယ်စပ်ဒေသတွေရှိ အင်တာနက်ရရှိဖို့ ခက်ခဲတဲ့ ဒေသက ပြည်သူတွေကတော့ အဆိုပါဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံး ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးကို ပေးဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဖုန်းတွေ အခွန်ဆောင်ပြီးမှ အသုံးပြုခွင့်ရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖုန်းအရောင်းဆိုင်ပိုင်ရှင် တယောက်က ” ဒါက တကယ်တော့ ဖုန်းဆိုင်တွေ ၊ တင်သွင်းသူတွေနဲ့ တိုက်ရိုက်ဆိုင်တယ်။ ဝယ်တဲ့သူကတော့ တရားဝင်သွင်းလို့သာ ဆိုင်မှာ ရောင်းတယ်လို့ သတ်မှတ်မှာပဲလေ။ အခွန်မဆောင်ဘဲ အောက်လမ်းကသွင်းတဲ့ ပစ္စည်းတွေကို သုံးမရအောင် လုပ်တဲ့စနစ်ပါ ။စနစ်က ကောင်းပါတယ်။ ဒါပေမယ့် အောက်လမ်းက တရားမဝင် သွင်းတာတွေကိုလည်း စနစ်တကျ ဖမ်းဆီးအရေးယူဖို့လိုပါတယ်။ဒီတော့ နောက်ပိုင်းဖုန်းဝယ်ရင် ဆိုင်မှာကတည်းက ဖုန်းထဲကို ဆင်းကတ်ထည့်ပြီး လိုင်းရမရ ၊ အကုန်အဆင်ပြေမပြေ မဖြစ်မနေ စမ်းသုံးကြပါ ။ ဖုန်းလိုင်း တိုင်တက်ရုံမကြည့်ဘဲ ဖုန်းခေါ်ကြည့်ပါ ။အင်တာနက်သုံးကြည့်ပါ အကုန်စစ်ပါ ။ ဝယ်ပြီးမှ ဆုံးရှုံးနစ်နာမှု မရှိအောင်ပါ ။ ” လို့ ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတချို့မှာ မိုဘိုင်းလက်ကိုင်ဖုန်း အပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းတွေရဲ့ ရင်းနှီးအမှတ်အသား IMEI Code ကို CEIR မှာ မှတ်ပုံတင်ပြီး နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ချိတ်ဆက်အသုံးပြု ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံမှာ လည်းအလားတး ဆောင်ရွက်ခြင်းဖြစ်တယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ဆိုထားပါတယ်။
