မန္တလေး၊ မတ်- ၂၈- ၂၀၂၆
SA(VOM)
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ်အချိန်မှာ အင်အားရစ်(ခ်)တာစကေး (၇.၇) ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တာ (၁)နှစ်ပြည့်မြောက်တဲ့အခမ်းအနားကို မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ငလျင် သဘာဝဘေး ကျရောက်ချိန်က ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အရပ်ဖက် ပရဟိတအဖွဲ့အစည်းတွေနဲ့ ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ အများဆုံးထိခိုက်ခံစားခဲ့ရပြီး လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိတာတွေအပြင်ကဏ္ဍပေါင်းစုံမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာလဲ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊အမရပူရခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင် စတဲ့ခရိုင်(၇) ခုမှာရှိတဲ့ မြို့နယ်(၁၇)ခုတွင် လုံးဝပျက်စီးလူနေအိမ်(၆၄၃၃) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၂၂၃၉၂)လုံး၊သေဆုံးသူ(၂၄၂၇) ဦးနဲ့ ဒဏ်ရာရရှိသူ စုစုပေါင်း (၂၆၄၄)ဦး ရှိခဲ့ပါတယ်။
ဘာသာရေးကျောင်းစုစုပေါင်း(၂၇၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီးဘုရားစေတီတွေနဲ့ အခြားသောသာသနိကအဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
ပညာရေးကဏ္ဍမှာတော့ စာသင်ကျောင်းပေါင်း (၁၆၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးကဏ္ဍမှာ အစိုးရ၊ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းပေါင်း (၂၅၀)ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်း၊ တံတားကဏ္ဍမှာတော့မီးရထားလမ်းအပါအဝင် လမ်းပေါင်း(၆၀)ကျော်ထိခိုက်ပျက်စီးခဲ့ပြီး တံတားအစင်းပေါင်း(၄၀)ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံစုစုပေါင်း (၃၁၇)ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ပစ္စည်း စုစုပေါင်းထောက်ပံ့မှုတန်ဖိုး ကျပ်(၉၇၂)ဘီလီယံကျော်ကို ငလျင်ဘေးသင့်ပြည်သူတွေဆီ လက်ဝယ်အရောက်ထောက် ပံ့ပေးနေတာမှာ ငွေသားထောက်ပံ့မှု (၈၅%)ကျော် နဲ့ ပစ္စည်းထောက်ပံ့မှု (၈၅%)ကျော် ထောက်ပံ့ခဲ့ပြီး ဘဏ္ဍာနှစ်မကုန်မီ အပြီးထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အစိုးရကဏ္ဍတွင်လည်း ဦးစားပေးကဏ္ဍများအလိုက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင်ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာမှအရာရှိကြီးများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် ဖိတ်ကြားသူတွေတက်ရောက်ခဲ့ကြပါတယ်။
