EV လျှပ်စစ်ကားတွေ လမ်းအသုံးပြုခ ​ပေးရမယ်

ဧပြီ ၁ ၊ ၂၀၂၆
GG (VOM)

EV လျှပ်စစ်ကားတွေကို ဒီကနေ့ ဧပြီလ ၁ ရက်ကစပြီး လမ်း ၊တံတား အသုံးပြုခ စတင်ကောက်ခံမှာ ဖြစ်တယ်လို့ အမြန်လမ်းမကြီထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ အသိပေးချက်အရ သိရပါတယ်။

EV ကားတွေအနေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပါက အမြန်လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများအတိုင်း ကောက်ခံမှာဖြစ်သလို တခြားလမ်း ပိုင်းတွေမှာ ဖြတ်သန်းအသုံးပြုပါက ယာဉ်အမျိုးအစား ၂၂ မျိုးအတိုင်း ကောက်ခံမယ့် နှုန်းနဲ့ အကျုံးဝင်တဲ့ ယာဉ်တွေရဲ့ ကောက်ခံနှုန်းထားအတိုင်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ခုလို EV ကားတွေကို လမ်းတံတားကြေးကောက်မယ့်အပေါ် EV ကားပိုင်ရှင်တယောက်က ” EV တွေလည်း ထိုက်သလောက်ရောင်းနေရပြီ ၊ ဝယ်နေကြပြီဆိုတော့ လမ်းကြေးစကောက်တဲ့သဘောပဲ ။ အစကတော့ ဘာလမ်းကြေးမှ မကောက်ဘဲ ခုမှစကောက်မှာလေ ။ အားသွင်းတဲ့နေရာကျ လုံလောက်အောင်မလုပ်ပေးနိုင်ဘဲ လမ်းကြေးကောက်တာက အရင်ပဲ ။ ” လို့ ပြောပါတယ် ။

လျှပ်စစ်သုံးယာဉ်၊ လျှပ်စစ်သုံးယာဉ်တွေရဲ့ အပိုဆက်စပ်ပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး လမ်းအသုံးပြုခကင်းလွတ်ခွင့်ပြုထားတဲ့ ကာလကုန်ဆုံးပြီဖြစ်တာကြောင့် ခုလိုစတင်ကောက်ခံခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက အသိပေးထား ပါတယ် ။

” pilot project မှာ ဘာtax မှလည်းမရှိဘူး။ လမ်းတံတား အသုံးပြုခလည်းမရှိဘူး။ အခုကောက်ဖို့ကတော့ ကြေငြာထားတာ တနှစ်လောက်တော့ရှိပြီ။ လမ်းတံတားအသုံးပြုခ စကောက်မယ်ဆိုတာဖြစ်သင့် ဖြစ်ထိုက်တဲ့ ပေးရမယ့်ဟာလို့တော့ မြင်တယ်။ ဘာလို့လဲဆိုသူလည်း အထိုက်အသင့် အသုံးပြုတာရှိလာပြီ။ အထိုက်သင့်လည်းနေရာယူလာပြီ။ အခုက EV နဲ့ commercial လည်းရှိလာပြီ ။နယ်ကိုလည်းလိုင်းဆွဲနေတယ်။ဧရာဝတီ – ရန်ကုန် ၊ ကရင် – ရန်ကုန် ၊မော်လမြိုင် – ရန်ကုန်ပေါ့။ ” လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်ကပြောပါတယ်။

EV ကားတွေကို လမ်းကြေးကောက်တာအပြင် ကားတွေ အလွယ်တကူ အားသွင်းနိုင်မယ့် charging station တွေ ယခုထက်ပိုပြီး ဖော်ဆောင်ပေးဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

” ပြောင်းလဲလာမယ့်အရာကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ မီးလည်းပေးဖို့လိုတယ်။ ခုအနေအထားက သုံးစွဲသူနဲ့ EV အားသွင်းတဲ့နေရာတွေက စတင်အသုံးပြုတဲ့အချိန်ကထက် စာရင် နားရွက်နဲ့မျက်စိလို ဝေးဝေးလာတယ်။ ကားက များပြီး အားသွင်းတဲ့ station ကနည်းလာတာပေါ့။နေ့စဥ်တိုးလာတာက ကား နေ့စဥ်မတိုးဘဲရပ်သွားတာက charging station ဖြစ်နေတယ်။ဒါတွေအတွက် စဥ်းစားစေချင် တယ်။ ” လို့ သူက ဆက်ပြောပါတယ် ။

လက်ရှိမှာ EV ကားစျေးကွက်ကတော့ ဝယ်လိုအားအရမ်းများတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးထပ်မတက်တော့ပေမယ့် အရင်ဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးတန်းမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

” EV စုံမခွဲလိုက်ချိန်တုန်းက EV ကားစျေးကွက်ထိုးတက်ခဲ့ပြီး အခုကတော့ အရောင်းအဝယ်မျှပါတယ်။

အဲဒီရက်က မတရားတက်ပါတယ်။ မတရားဆွဲတင်တယ်ပြောချင်တယ်။ ဆီခွဲတမ်းနဲ့ လုပ်လိုက်တဲ့အခါမှာတော့ အရင်ဝယ်လိုအားက ၁၀ ယောက်ရှိခဲ့ရင် ခြောက်ယောက်လောက်ပဲရှိတော့တယ်။ နည်းနည်းလေးစဥ်းစားသွားတယ်။ ခုကတော့ စျေးကိုဆက်ဆွဲမတင်တော့ဘူး ။ရောက်တဲ့နေရာမှာတော့ လည်ရင်လည်သလို ရောင်းကြတယ်။ဒီရက်က အရောင်းအဝယ်မျှနေ ပါတယ်။ စျေးတွေဒီထက်ထပ်မတက်ဘဲ တန့်သွားတာ ကျေးဇူးတင်ရမယ်။ ဒီထက်ဆက်တက်ရင် ပိုဆိုးတဲ့အခြေအနေရောက်သွားမှာ။ EV ကနောက်ဆိုရင် EV ပဲလာမှာကို အလောတကြီးစိုးရိမ်ပြီး မဝယ်ကြပါနဲ့လို့ ပြောချင်တယ် ။ ” လို့ ထပ်မံပြောပါတယ်။

လက်ရှိမှ EV ကားစျေးနူန်းတွေက အနည်းဆုံး သိန်း ၆၀၀ နဲ့ ၇၀၀ ကစရှိပြီး အမြင့်ဆုံး သိန်း ၆၀၀၀ မှ ၇၀၀၀ အထိရှိကြောင်း ၊ အရောင်းအဝယ်ဖြစ်နေတဲ့ကားတွေကတော့ သိန်း ၁၅၀၀ ကနေ ၂၀၀၀ ကြားရှိတဲ့ကားတွေဖြစ်တယ်လို့ သိရပါတယ် ။

ဓာတ်ပုံ – CJ
#Voiceofmyanmar #VOM #EV #လျှပ်စစ်ကား #လမ်းတံတားကြေးကောက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW