နိုင်ငံတဝှမ်းမှာ တလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၂၀ ကျော်ရှိပြီး အယောက် ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့

ဧပြီ ၂ – ၂၀၂၆
SS (VOM)
နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ ‌မတ်လ ၅ ရက်နေ့ကနေ ဧပြီ ၁ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂၀ ကျော်ရှိပြီး အယောက် ၁၀၀ ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
မနေ့ ဧပြီ ၁ ရက်က ရခိုင်ပြည်နယ်အတွင်းက သံတွဲမြို့နယ်မှာ မနက် ၁၁ နာရီ ၁၁ မိနစ်အချိန်ကနေ မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင် အချိန်အထိ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ လေးယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သံတွဲ လေကြောင်းတိုက်ခိုက်မှုက ဆက်တိုက် ဖြစ်သွားတာ။ သံတွဲက ခြေလျင်တပ်ရင်း (ခလရ – ၅၅) စခန်းဟောင်းနားကို ကျရောက် ပေါက်ကွဲခဲ့တယ်။ လေးယောက်လုံး ပွဲချင်းပြီးသေတယ်။ လေကြောင်း တိုက်ခိုက်တဲ့အချိန်၊ တပြိုင်တည်းမှာပဲ ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလည်း ရှိတယ်။ လေယာဉ်ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာလည်း ရှိခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသအသီးသီးမှာ အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ မတ်လ ၂၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ် (အနောက်ဘက်) ရှိ ညောင်ကုန်းကျေးရွာမှာ စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့သလို မတ်လ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် (အရှေ့ပိုင်း)၊ ဖလဲကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် သောင်ကြီးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို မတ်လ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်အစပ် ဒေသတွေမှာ ဂျက်ဖိုက်တာအပြင် စက်တပ်လေထီးနဲ့ပါ တရက်တည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကသာမြို့၊ ကမ်းနားလမ်းရှိ မဟာလေးထပ်ကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အယောက် ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်လို့ သိရပြီး မတ်လ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွာဘရွာနဲ့ မြောက်ချွန်းကျေးရွာကြား ချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ ရွှေမျောတွေ လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မတ်လ ၁၆ ရက်နေ့ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောက်ဂူတောရနယ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်တွေ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ကိုးယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာ ရရှိခဲ့သလို အဲဒီနေ့မှာပဲ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇာဟာကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်ကလည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးရှိ လေးကေ့ကော် (ပလော့တပို့/အမိုးပြာ) ယာယီစစ်ရှောင်စခန်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး တယောက် ဒဏ်ရာ ရရှိခဲ့လို အဲဒီနေ့မှာပဲ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ လုံဟောကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် လေးယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပြီး မတ်လ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်၊ မာလေ့လာကျေးရွာ အုပ်စုအတွင်းရှိ ထာလားခိုဒေသမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ ဒဏ်ရာရသူ ၁၃ ယောက် ရှိခဲ့တဲ့အပြင် အဲဒီနေ့မှာပဲ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ အင်းဗလာရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေဆုံးခဲ့ပြီး လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်နယ်ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ဇီးကုန်းကျေးရွာ လေကြောင်းဖြစ်စဉ်မှာတော့ ရှစ်ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၈ ယောက် ရှိခဲ့တယ်လို့ သိရပြီး အဲဒီနေ့မှာပဲ မကွေးတိုင်း၊ ထီးလင်းမြို့နယ် (အရှေ့ခြမ်း)၊ ရေမျက်နီကျေးရွာနဲ့ ၁၀ မိုင်ခန့်အကွာက ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စပ်စာနဲ့ နီတာကျေးရွာအနီး လေကြောင်းဖြစ်စဉ်မှာတော့ နှစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး အဲဒီနေ့မှာပဲ တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) နယ်မြေအတွင်း ကျေးရွာတခုရှိ ခရစ်ယာန်ဘုရားကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၁ ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက အလယ်တောကျေးရွာ၊ ကျေးလက် ဆေးခန်းဟောင်းတခုမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် ဒဏ်ရာရရှိခဲ့သလို မတ်လ ၆ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာနဲ့ အောင်မြင်ငြိမ်းကျေးရွာကြားမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မတ်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကချင်ကုန်းနဲ့ ရှောက်ပင်ခြုံကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး အခုဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေဖြစ်ကာ မြေပြင်မှာတော့ အခုထက်ပိုတဲ့ ဖြစ်စဉ်တွေ ရှိနေနိုင်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW