ဖားကန့်တိုက်ပွဲအတွင်း အစိုးရတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ဧပြီ ၃ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မနေ့ ဧပြီ ၂ ရက်၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက အစိုးရတပ်စခန်း ငါးခုကို တိုက်ခိုက် သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရတပ်ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကာကင်းစခန်းတွေ တိုက်ခိုက် ထိန်းချုပ်ခံရတဲ့အတွက် အစိုးရတပ်ဘက်က ဆယ်ဇင်း၊ အင်းတော်ကြီး ဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပြီး မြို့အတွင်း ကျရောက် ပေါက်ကွဲမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဆယ်ဇင်း လေကြောင်းဖြစ်စဉ်မှာ တယောက် သေတယ်။ ငါးယောက် အရေးပေါ် ဆေးကုသနေရတယ်။ မနေ့ မွန်းလွဲ ၃ နာရီလောက်ကလည်း အင်းတော်ကြီး အရှေ့ဘက်ကမ်းမှာလည်း လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်တယ်။ အထိအခိုက် မသိရသေးဘူး။ တိုက်ပွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ မြို့ထဲ ကျရောက် ပေါက်ကွဲတာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
မနေ့ မနက် ၆ နာရီ ၃၅ မိနစ်ဝန်းကျင်က ဖားကန့်မြို့၊ မြို့မရပ်ကွက်နဲ့ ကလပ်ကုန်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခြောက်ယောက် ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
“မြို့မရပ်ကွက်က ဆောင်းကဖေးဆိုင်ရှေ့ လက်နက်ကြီးကျည် လေးလုံး ကျတာမှာ လူထိခိုက်မှုဖြစ်တာ။ ဒဏ်ရာရ ခြောက်ယောက်မှာ လေးယောက်က ဒဏ်ရာပြင်းထန်တယ်။ တိုက်ပွဲက ဖားကန့်က နေရာတိုင်းလိုလိုမှာ ဖြစ်တာလို့ ပြောလို့ရတယ်။ လေကြောင်းက တရစပ် ပစ်နေတော့ နှစ်ဖက် တပ်ဖွဲ့တွေလည်း အထိအခိုက်များတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဖားကန့်မြို့အတွင်းက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှီကထောင် ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပြီး တိုက်ပွဲကြောင့် ဖားကန့်၊ မြစ်ကြီးနားလမ်း၊ လုံးခင်းအဝင်ဂိတ်ကို အစိုးရတပ်က မနေ့ မနက် ၁၀ နာရီကျော်မှ စတင်ကာ ပိတ်ထားခဲ့ပြီး မွန်းလွဲ ၃ နာရီနောက်ပိုင်း ပြန်လည် ဖွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒီအချိန်မှာ သွားလာရင်း အန္တရာယ်ကြားထဲ အချိန်မရွေး ရောက်သွားနိုင်တယ်။ သတိထားဖို့ လိုပါတယ်။ မနေ့ မနက်ကလည်း မရှီကထောင်ဘက်မှာ တိုက်ပွဲကြားရောက်သွားတဲ့ နှစ်ယောက် ဒဏ်ရာရသွားတယ် ကြားတယ်” လို့ သူက ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လဆန်းပိုင်းကလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက် စစ်ရေးအခြေအနေ ငြိမ်သက်နေခဲ့တာ ဖြစ်ပေမယ့် မနေ့ ဧပြီ ၂ ရက်မှာတော့ KIA ပူးပေါင်းတပ်တွေက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ တိုက်ပွဲအတွင်း လုံးခင်းရဲစခန်းနဲ့ ခွန်ဆာကုန်းကို သိမ်းယူနိုင်ခဲ့ပေမယ့် အစိုးရတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ရော တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW