ဧပြီ ၂ ၊ ၂၀၂၆
GG (VOM)
သင်္ကြန်ရုံးပိတ်ရက်မှာ ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွား လာနိုင်ရန်အတွက် အထူးရထား တိုးချဲ့ပြေးဆွဲပေးမှာဖြစ် ပြီး သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာတော့ ရထားခရီးစဥ် တချို့ကို ရပ်နားထားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဌာနမှသိရပါတယ်။
အထူးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ကို တိုးချဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားနဲ့ ရပ်တန့်မယ့် ဘူတာတွေကတော့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားခရီးစဥ်တွေ အတိုင်းဖြစ်တယ်လို့ သိရပါတယ်။
ရထားလက်မှတ်ခကို သတ်မှတ်နူန်းထားထက်ပိုပေးပြီး ဝယ်ယူရတဲ့ကိစ္စတွေကြုံရပါက သက်ဆိုင်ရာ မီးရထားဌာနတာဝန်ရှိသူတွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ် ။
” လက်မှတ်ခတွေက ပုံမှန်နူန်းထားပါပဲ။ဘယ်နေရာမှာဖြစ်လဲ ၊ ဘာတွေဖြစ်လဲ ၊တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ဖုန်းနံပါတ် ရှိတယ်။ကိုယ်တို့ဆီတက်လာတယ်ဆိုရင် ဖြေရှင်းပေးမှာပါ။ ဘူတာတိုင်းမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေရှိပါတယ်။ သက်ဆိုင်ရာတိုင်းတွေမှာလည်း တိုင်းမန်နေဂျာတွေရှိပါတယ်။ တိုင်းမန်နေဂျာတွေက ဘာမှလုပ်မပေးဘူးဆိုရင် ရုံးချုပ်အဆင့်ကိုလည်း တိုင်လို့ရပါတယ်။ အထောက်အထားပြောပြမှ ရှင်းပေးမှာ ။ ” မြန်မာ့မီးရထား ဌာနရုံးချုပ်၊ ရထားလက်မှတ်ပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူက ပြောပါတယ် ။
ရန်ကုန် – နေပြည်တော် နဲ့ ရန်ကုန် – ပြည် အထူးရထားကိုတော့ ဧပြီ ၁၀ ရက်ကနေ ၁၂ ရက် နဲ့ ဧပြီ ၁၉ ၊ ၂၀ ရက်တွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပြီး ရန်ကုန် – မော်လမြိုင် အဆန်အထူးရထားက ဧပြီ ၁၀၊ ၁၁၊ ၁၂ ရက်နဲ့ ၁၉၊ ၂၀ ရက်မှာ ပြေးဆွဲပြီး မော်လမြိုင် – ရန်ကုန် အစုန်အထူး လေအိတ် ရထားကတော့ ဧပြီ ၁၁၊ ၁၂ ရက် နဲ့ ၁၉၊၂၀၊ ၂၁ ရက်တွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းအတွက် အထက်တန်းလက်မှတ်ကို ၃ ရက်ကြိုဖြတ်နိုင်ပြီး ရိုးရိုးတန်းလက်မှတ်ကို ၁ ရက်ကြိုပြီး သက်ဆိုင်ရာ ဘူတာမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ် ။
ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲနေတဲ့ ပုံမှန်ရထားတွေနဲ့ အထူးရထားအတွက်ကိုတော့ Online ကနေ လက်မှတ်
ကြိုဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာတွေ အတွက် ၇ ရက် ၊ ကြားဘူတာတွက် ၃ ရက် ကြိုပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန် – နေပြည်တော် အထူးရထားကို DEMU (စပိန်) ရထား ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-ပြည် နဲ့ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားမှာတော့ အထက်တန်း ၆ တွဲ ၊ ရိုးရိုးတန်း ၈ တွဲ၊ ဘရိတ်တွဲ ၁ တွဲနဲ့ ဝန်ချိန်ပြည့်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” အွန်လိုင်းကနေ လက်မှတ်ဖြတ်ရတာ အဆင်ပြေတယ်။ မပြေတာက လိုင်းအခက်အခဲရှိတယ်၊ ဝက်ဆိုက်ဘ် အယ်ရာတက်ချင်တာမျိုးပါ။ အွန်လိုင်းကနေ ဖြတ်ရတာ အဆင်ပြေနေတော့ လက်မှတ်ဖြတ်လို့ရမယ့် ရက်ဆိုရင် ည၁၂ နာရီထိစောင့်ဖြတ်မှရနိုင်တယ်။ ဘူတာမှာ သွားဖြတ်ရင် မနက် ၄ နာရီလောက်ထဲက သွားစောင့်ရတယ်။ လက်မှတ်ရောင်းမယ့်အချိန်ဆိုရင် ရှေ့ဆုံးရောက်နေမှ စိတ်ချရတယ်။ မဟုတ်ရင် လက်မှတ်က ကိုယ့်အလှည့်ရောက်မှ ကုန်သွားတာနဲ့တိုးမှာ ။ ” လို့ ခရီးသွား ပြည်သူတယောက်က ပြောပါတယ် ။
သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့ဖြစ်တဲ့ ၁၆ ရက်နေ့ အထိကိုတော့ ပုံမှန်ပြေးဆွဲနေတဲ့ လူစီးအမြန်ရထားတွေဖြစ်တဲ့ ရန်ကုန်-မန္တလေးရထား လမ်းပိုင်းက အမှတ်(၇)အဆန်၊ (၈)အစုန်၊ (၃၁)အဆန်၊ (၃၂)အစုန်၊ (၃၃)အဆန်၊ (၃၄)အစုန် ရထား ၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် DEMU ရထားတွေ၊ အမှတ်(၂၇) အဆန်၊ (၂၈)အစုန် နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ် BEL ရထား တို့ကို ယာယီရပ်နားထားမယ်လို့ သိရပါတယ်။
နောက်ပြီး အမှတ်(၁)အဆန်၊ (၂)အစုန် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ် စာပို့ရထား ၊ အမှတ်(၁၅)အဆန်၊ (၁၆)အစုန်၊ ရန်ကုန် -ပဲခူး-ရန်ကုန် DEMU ရထား၊ အမှတ် (သ-၃၀၁)အဆန်၊ (၃၀၂)အစုန် သာစည်-မန္တလေး-သာစည် ခရီးတို RBE ရထား၊ ရန်ကုန်-ပြည်လမ်း ပိုင်းမှာ အမှတ်(၇၁)အဆန်၊(၇၂)အစုန် ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ် လူစီးအမြန်ရထား၊ အမှတ် (၆၅)အဆန်၊ (၆၆)အစုန် အင်းစိန်-ဥက္ကံ-အင်းစိန် ခရီးစဉ် စာပို့ရထားတို့ကို လည်း ရပ်နားထားမယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်မြို့ပတ် ရထားတွေကိုလည်း ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ခေတ္တ ရပ်နားထားမှာဖြစ်ပါတယ်။
ရန်ကုန်-ပုဂံလမ်းပိုင်းမှာဆိုရင် အမှတ်(၆၁)အဆန်၊ (၆၂)အစုန် ရန်ကုန်-ပျဉ်းမနား – ပုဂံ ခရီးစဉ် ရထားကိုလည်း ဧပြီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြေးဆွဲမှု ရပ်နားထားမှာဖြစ်ပြီး ရထား ရီးစဉ်အားလုံးကို ဧပြီလ ၁၇ ရက်နေ့မှစပြီး ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးမယ့် ရထားတွေကတော့ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမှတ်(၁၁)အဆန် နဲ့ အမှတ်(၁၂)အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ (၈၁)အဆန်နဲ့ အမှတ်(၈၂)အစုန်လူစီးအမြန်ရထား၊ရန်ကုန်-ပြည်လမ်း ပိုင်းမှာ အမှတ်(၆၃)အဆန် နဲ့ အမှတ်(၆၄)အစုန် လူစီးစာပို့ရထား တို့ဖြစ်ပါတယ် ။
သာစည်-တောင်ကြီးလမ်းပိုင်းမှာ ဆိုရင် အမှတ်(၁၄၁)အဆန်၊ အမှတ် နဲ့ အမှတ်(၁၄၂)အစုန်စာပို့ရထား ၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်းမှာ အမှတ် (၁၀၃)အဆန်နဲ့ အမှတ်(၁၀၄)အစုန်လော်ကယ်ရထားတို့ လက်ပံတန်း-သာရဝေါလမ်းပိုင်းမှာ အမှတ် (၁၉၅)အဆန်၊အမှတ်(၁၉၆)အစုန်လော်ကယ်ရထား၊မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်းမှာ မိုးကောင်း(၁)နဲ့ မိုးကောင်း(၂) လူစီးရထား ၊ ပုသိမ်-ကြံခင်းလမ်းပိုင်းမှာ အမှတ်(၁၈၁)အဆန် နဲ့ အမှတ်(၁၈၂)အစုန်လူစီး ရထားတို့ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ရှုခင်းကြည့်ရထားတွေဖြစ်တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ် ၊ တောင်ကြီး-ပေါမူ ခရီးစဉ် ကိုလည်း သင်္ကြန်ပိတ်ရက်ကာလအတွင်း စီးနင်းလိုတဲ့ ခရီးသည်ရှိပါက ပြေးဆွဲပေး သွားမှာဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
