မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်လို့ နယ်စပ်ပို့ကုန်လိုင်စင်တွေ ချထားပေးနေ

ဧပြီ ၁၈ ၊၂၀၂၆
GG (VOM)
ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကနေ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း ခြောက်မျိုးကို နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။
ပြောင်းဆံ ၊ ငရုတ်အစို/အခြောက် ၊ ကွမ်းသီးအစို/အခြောက် ၊ ကြက်သွန်နီ ၊ ပဲမျိုးစုံ နဲ့ သီဟိုဆံ တို့ကို ပို့ကုန်လိုင်စင်ချထားပေးလိုက်တာ ဖြစ်ပြီး လိုင်စင်ကို Myanmar Trade Net 2.0 စနစ်မှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
” အမှတ် ၂ တံတားပြန်ဖွင့်တော့မှာမို့လို့ ခုလို ပို့ကုန်လိုင်စင် တွေပြန်ချပေးတဲ့သဘောပါ ။ တံတားပြန်ဖွင့်မှ လိုင်စင်လျှောက် ထလုပ်လို့ ကုန်သွယ်ရေး ထလုပ်လို့မှမရတာ ။ ပို့ကုန်လိုင်စင်တွေ ချထားပေးပြီးမှ တံတားဖွင့်တာနဲ့ ကုန်စည်တွေ ချက်ခြင်းပို့နိုင်မှာ အဲဒီသဘောပါ ။ အခုတချို့လည်း လိုင်စင်လျှောက်နေကြပြီ ။ လိုင်စင်တွေချပေးနေတယ်။ ဝက်ဆိုက်ဘ်ကနေပဲ လျှောက်ရတာဆိုတော့ အချက်အလက်ပြည့်စုံမှန်ကန်ရင် လိုင်စင်ချပေးနေတယ် ။ မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်ပွင့်တာနဲ့ ကုန်ပစ္စည်းတွေလည်း အထိုက်အလျောက် စျေးတက်လာမှာပါ ။ ” လို့ နယ်စပ် ငရုတ်ကုန်သည် တယောက်က ပြောပါတယ်။
မြဝတီ နယ်စပ်ပို့ကုန်လိုင်စင် အတွက် လက်ရှိမှာ လိုင်စင် လျှောက်ထားသူတွေရှိသလို လမ်းကြောင်းအခြေအနေ အဆင်ပြေမှုရှိမရှိအပေါ် စောင့်ကြည့်ပြီး မဲဆောက်မှာ ကုန်ပစ္စည်းထားဖို့ ဂိုဒေါင်ငှားရမ်းဖို့ ကြိုတင်စီစဥ်တဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
” လိုင်စင်လျှောက်ခွင့်တော့ ပေးပြီ။ လျှောက်ကြည့်မှာပေါ့။ကျွန်တော်တို့လည်း စမ်းသွားကြည့်မှာပေါ့။ ဒါပေမယ့် မြဝတီလမ်းကြောင်းကမသွားတာ ကြာတော့လေ။ တယောက်နှစ်ယောက်ကတော့ စမ်းထွက်ကြည့်မှ ရမှာပေါ့။အားလုံးက စိတ်မချသေးဘူးဖြစ်နေတော့လေ။ လမ်းမှာပစ်ခတ်ခံရမှာကြောက်တာကို။ အဲဒါကြောင့်ခဏစောင့်ကြည့်နေကြတာ။ တချို့ကုန်သည်တွေလည်း မဲဆောက်မှာ ဂိုဒေါင်တွေ ငှားဖို့စီစဥ်နေကြတယ်။အရင်က ဧပြီ ၂၈ လောက် ထွက်ရမယ်ကြားတယ်။အခုထပ်ကြားရတာကတော့ မေ ၁၁ လောက်မှထွက်ရမယ်လို့ ကြားရပြန် တယ်။တံတားဖွင့်မယ့်ရက်တော့ မသိသေးဘူး။ ” လို့ ပြောင်းကုန်သည်တယောက်က ပြောပါတယ်။
မြဝတီနယ်စပ်ကုန်သွယ်ရေးကို ထိုင်း – မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ကနေ အဓိက ကုန်သွယ်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမှတ်၂ချစ်ကြည်ရေးတံတား ပိတ်ထားဆဲ ဖြစ်ပေမယ့် မကြာခင်မှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် နယ်စပ်ပို့ကုန်လိုင်စင်တွေကို ပြန်လည် လျှောက်ထားခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
နယ်စပ်ပို့ကုန်လိုင်စင်တွေကို လျှောက်ထားခွင့်ပြုလိုက်ပေမယ့် သွင်းကုန်လိုင်စင် အသစ်လျှောက်ထားခြင်းကို ခွင့်မပြုသေးဘဲ အမှတ် ၂ တံတားပိတ်သွားလို့ လုပ်ငန်းစဉ်တွေ ရပ်တန့် ကျန်ခဲ့ရတဲ့ ကုန်စည်တွေကိုတော့ စနစ်တကျ ပြန်လည် စိစစ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက စာရင်းကောက်ခံနေတယ်လို့ သိရပါတယ်။
ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထားစဉ်အတွင်း ထိုင်း Free Zone မှာ ရှိတဲ့ ကုန်ပစ္စည်းစာရင်း၊ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းရန်ကျန်ရှိတဲ့ ကုန်ပစ္စည်းစာရင်း၊ သွင်းကုန်လိုင်စင်နဲ့ တင်သွင်းထားပြီး အကောက်ခွန်ဂျူတီမဆောင်ရသေးတဲ့ ကုန်ပစ္စည်း များစာရင်း ၊ သွင်းကုန်လိုင်စင်ရရှိပြီး အကောက်ခွန်ဂျူတီဆောင်ထားတဲ့ ကုန်ပစ္စည်းများစာရင်း ကို တင်ပြနိုင်တယ်လို့ သိရပါတယ် ။
သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အဆိုပါ စာရင်းတွေကို ဧပြီ ၂၀ ရက်နေ့နောက်ဆုံးထားပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဆီ တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ် ။
မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာ ဒီကနေ့အထိဆိုရင် ၈ လကျော်ကြာရှိပြီဖြစ်ပါတယ်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကတော့ ၂၀၂၃ ခုနှစ်မှာ PDF တွေထိန်းချုပ်ပြီးကတည်းက ပိတ်ထားခဲ့ပြီး ဒီလ ဧပြီ ၂ ရက်မှာမှ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့တာဖြစ်ပါတယ်။
မြဝတီ – ကော့ကရိတ် အာရှလမ်းဖွင့်ပြီးနောက်မှာ ဒေသတွင်း ကုန်စည်စီးဆင်းမှု နဲ့ သွားလာ​ရေးအဆင်ပြေခဲ့ပြီး မကြာခင် အမှတ် ၂ တံတားပြန်ဖွင့်ပါက နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ မြဝတီ နယ်စပ်ကုန်သွယ်ရေးကနေ အဓိက ကုန်သွယ်မှု အများဆုံး ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW