“အပြင်ကအဖွဲ့​တွေ ဘယ်လိုသတ်မှတ် သတ်မှတ် အဲဒီအဖွဲ့တွေရဲ့ လုပ်ငန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်နွယ်တယ်ဆိုပြီး ပြောလို့တော့မရ”

ဧပြီ ၁၈ – ၂၀၂၆
SN (VOM)
နှစ်ရှည် အကျဉ်းချခံထားရတဲ့ သမ္မတ​ဟောင်းဦးဝင်းမြင့်ကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မနေ့ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တရက်နေ့) မှာ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။
ဦးဝင်းမြင့်ဟာ ပုဒ်မ ရှစ်ခုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး မနေ့ ဧပြီ ၁၇ ရက်မှာတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဆိုတဲ့ ချွင်းချက်နဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ဦးဝင်းမြင့် ပြန်လည် လွတ်မြောက်လာတဲ့ကိစ္စရယ် ​နိုင်ငံ​တော်အတိုင်ပင်ခံ ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​နေထိုင်​ရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကို VOM က အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
မေး – သမ္မတဦးဝင်းမြင့်ကို တွေ့ရတော့ လူရော၊ စိတ်ရော ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲဆရာ။
ဖြေ – သမ္မတကြီးက လန်းလန်းဆန်းဆန်း၊ ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမောနဲ့ပါပဲ။ ကျန်းမာရေးကလည်း ကောင်းပါတယ်။ အနည်းငယ်တောင် ပိုပြီးဝလာတဲ့သဘော ရှိပါတယ်။ သမ္မတကြီးက အိမ်ထဲဝင်တာနဲ့ ကျွန်တော်တို့ကို တွေ့လိုက်ရတော့ အင်မတန်မှကို အံ့ဩသွားပုံရတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်နဲ့ ရောက်နေတာဆိုတော့ သူ့အတွက်က အားဖြစ်သွားတာပေါ့။ ဒါပေမယ့် သမ္မတကြီးက နှစ်နာရီခွဲလောက်ကို သူ့ကို ထိန်းသိမ်းထားတဲ့ စခန်းကနေပြီးတော့ ကားမောင်းပြီး ရောက်လာတာဆိုတော့ ပင်ပန်းနေတယ်၊ မိသားစုနဲ့လည်း ပြောစရာဆိုစရာတွေ ရှိတယ်၊ နောက် ဧည့်သည်တွေလည်း ရောက်လာတော့ ကျွန်တော်တို့ စကား သိပ်မပြောခဲ့ရဘူး။ ဒါပေမယ့် အားလုံး သူတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေလည်း ကျွန်တော်တို့ကို ပြောပြတာတွေ နားထောင်ရပါတယ်။ အဲဒီတော့ သမ္မတကြီးက စိတ်ရောကိုယ်ရော လန်းလန်းဆန်းဆန်းပဲ၊ ယခင်အတိုင်းပဲ ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။
မေး – သမ္မတကြီးက အပြင်မှာ ဖြစ်ပျက်နေတာတွေကို ဘာများ မှတ်ချက်ပြုပါသလဲဆရာ။
ဖြေ – သမ္မတကြီးက အများအားဖြင့် သီးခြားနေရာမှာ ထိန်းသိမ်းထားတာဖြစ်တော့ သူတို့ပေးဖတ်တဲ့ အစိုးရထုတ် သတင်းစာတွေပေါ့။ အဲဒီမှာ သတင်းစာ ခေါင်းကြီးပိုင်း၊ အယ်ဒီတာ အာဘော်တွေကတဆင့်ပဲ သူသိရတာပါ။ အဲဒီဟာနဲ့ သမ္မတကြီးက ချင့်ချိန်ပြီးတော့၊ ဘာတွေဖြစ်နေလဲ ဆိုတာတော့ မှန်းဆပြီး သိနိုင်တယ်လို့တော့ ယူဆလို့ရပါတယ်။
မေး – ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားမယ်ဆိုတာနဲ့ ပတ်သက်လို့ နေရာအခက်ခဲ ရှိတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်ဆရာ။ ဒါနဲ့ပတ်သက်လို့ အခြေအနေက ဘယ်လိုရှိလာနိုင်ပါသလဲဆရာ။
ဖြေ – ဒါကတော့ ကျွန်တော်တို့ ခေါင်းဆောင်အတွက် ထားမယ်ဆို နေရာက ဖြစ်လာမှာပါ။ ဒါပေမယ့် အဲဒါကို နေရာအခက်အခဲရယ်လို့ ကျွန်တော်တို့ မထင်ဘူး။ ဒါပေမယ့် သူတို့ လွှတ်ပေးရမယ့်သူတွေမှာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကို လွတ်မြောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေအတွက် စိုးရိမ်နေတာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ပြည်သူလူထု ယုံကြည်တဲ့၊ အားကိုးတဲ့ ခေါင်းဆောင် ‌ပါဝင်တာကတော့ အကောင်းဆုံးပါပဲ။ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကျွန်တော်တို့ အမြဲတမ်း တောင်းဆိုနေတာ ဖြစ်ပါတယ်။
မေး – ဒါဆို ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်ဖို့ ဆိုတာက ကြိမ်းသေသလောက် အခြေအနေလား၊ ဘယ်လိုအခြေအနေ ရှိပါသလဲဆရာ။
ဖြေ – အဲဒါကတော့ ပြောလို့မရဘူး။ ဒါကတော့ ပြန်လွှတ်တဲ့သူတွေရဲ့ သဘောထားပါပဲ။ နေပြည်တော်မှာ ထားမယ်ဆိုလည်း စီစဉ်လို့ရတာတွေ အများကြီးရှိပါတယ်။ အခု နာမည်ကြီးနေတဲ့ နှင်းဆီစံအိမ်တို့ဘာတို့က မဖြစ်နိုင်ဘူးဆိုလည်း အများကြီး ရှိသေးတာပဲလေ။ ထားမယ်ဆိုရင် သင့်လျော်တဲ့နေရာ အခင်းအကျင်း စီစဉ်လို့ ရနိုင်ပါတယ်။ အဲဒီတော့ သူတို့က ပြန်လွှတ်ပြီး နောက်ပိုင်းမှာ လူစုလူဝေးဖြစ်မှာ၊ အဲဒါမျိုးတွေကအစ တွက်တာ၊ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ သဘောထားပေါ် မူတည်ပြီးတော့ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး ပျက်ကွက်မှုမရှိ လုပ်နိုင်ဖို့ပဲ စိတ်အာရုံထားပါတယ်။
မေး – ပါတီဘက်ကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာအခက်အခဲနဲ့ ပတ်သက်လို့ ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ – ကျွန်တော်တို့ကတော့ မဖြစ်သေးတဲ့ ကိစ္စအတွက် စီစဉ်ရတာခက်ပါတယ်။ လိုလာပြီဆိုရင်တော့ ချက်ချင်း ဆိုသလိုကို စီစဉ်လို့ရမှာပါ။ ဒါတော့ ကျွန်တော် ယုံကြည်ပါတယ်။
မေး – ရန်ကုန်က ခြံအမှတ် ၅၄ က အမှုရှုံး၊ နေပြည်တော်က နှင််းဆီအိမ်တော်က နေလို့မရဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြောပြပေးစေချင်ပါတယ်။
ဖြေ – အဲဒါနဲ့ပတ်သက်လို့ တရားမ အမှုအခင်း ဖြစ်နေတာမှန်တယ်။ သို့သော်လည်း ခြံထဲမှာ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တချို့ နေထိုင်နေဆဲ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ကို ဖယ်ရှားပေးဖို့ တရားရုံးအမိန့်နဲ့ နှင်ထုတ်ထားတာမျိုးလည်း မရှိပါဘူး။ အဲဒီတော့ဒါဟာ အပြီးသတ်အမိန့် မချမချင်း၊ နေမယ်ဆိုလည်း နေလို့ရတယ်လို့ ကျွန်တော်တို့ကတော့ အရပ်သားအနေနဲ့ တွေးပါတယ်။
မေး – တိုင်းပြည်ပြင်ပက အဖွဲ့အစည်းတွေက သူတို့ ခေါင်းဆောင်ပါဆိုပြီး သတ်မှတ် ထုတ်ပြန်နေကြတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအပေါ် ဆိုးကျိုး သက်ရောက်မှု ရှိလာနိုင်ပါသလားဆရာ။
ဖြေ – ဒါကတော့ သူတို့ရဲ့ သတ်မှတ်ချက်ပါပဲ။ သူတို့ သတ်မှတ်ပေမယ့် အဲဒီအဖွဲ့တွေရဲ့ လုပ်ငန်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်နွယ်တယ်ဆိုပြီး ပြောလို့တော့မရပါဘူး။
မေး – ဆရာ့အနေနဲ့ အခုမေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သီးခြား ဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားဆရာ။
ဖြေ – ဒီနေ့အချိန်က အင်တာနက်ခေတ်လည်းဖြစ်တယ်၊ သတင်းအတု ဖန်တီးရတာလည်း အင်မတန်ကို လွယ်ပါတယ်။ အဲဒီတော့ ဗီဒီယိုနဲ့ မြင်ရရင်တောင်မှ ယုံကြည်ဖို့ ခက်ခဲတဲ့ခေတ်လည်း ဖြစ်ပါတယ်။ အဲဒီတော့ ဖြစ်လာတဲ့ သတင်းများကို သတင်းအရင်းအမြစ် ခိုင်လုံမှု ရှိ၊ မရှိ၊ အာမခံချက်ရှိတဲ့ ရင်းမြစ်ကနေ ရရှိခြင်း ရှိ၊ မရှိ၊ အဲဒါကို စိစစ်ပြီးမှ ဖြန့်ဝေတာမျိုးကိုလုပ်ဖို့ ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မမှန်တဲ့သတင်းတွေ ပြန့်သွားရင် ပြန်လည်အုပ်စည်းဖို့ ခက်ပါတယ်။ တဖက်ကလည်း မမှန်တဲ့သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေတယ်လို့ သံသယရှိလို့ ကိုယ့်လူကိုယ်တိုင်ကိုက မမှန်သတင်း စီးကြောင်းထဲမှာ မျောပါမသွားအောင် ဂရုစိုက်စေတတ်ဖို့ ကျွန်တော်ကတော့ တိုက်တွန်းပါတယ်။
Photo – Htin Lin Oo

Related posts

Leave a Comment

VOM News

FREE
VIEW