ဟုမ္မလင်း ဆိပ်ကမ်းမှာ ဆီမော်တော် ၁၀ စီးထက်မနည်း မီးလောင်နေပြီး လူသေဆုံးမှုများနိုင် ၊ ခုချိန်ထိ မီးငြိမ်းနိုင်ခြင်းမရှိသေး

ဧပြီ ၂၀ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ် ဆိပ်ကမ်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်ကစပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားကာ မော်တော် ၁၀ စီးထက်မနည်း မီးလောင်ကျွမ်းနေပြီး လူ သေဆုံးမှုလည်း များနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
ဆိပ်ကမ်းမှာ ရပ်ထားတဲ့ ဆီတင်မော်တော်တွေ မီးလောင်ကျွမ်းနေတာဖြစ်ပြီး ညနေ ၆ နာရီကျော်လောက်ကတည်းကနေ လက်ရှိ ည ၈ နာရီ ခွဲလောက်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
” မီးလောင်နေအခုထိဆို ၁၀ စီးမကဘူး ။စက်လှေမဟုတ်ဘူး ။ဆီဖလက်ကြီးတွေ ။ သူ့ဝမ်းဗိုက်ထဲမှာ အပြည့်ကြီးပါတယ်။ဆီတွေက ပေပါတွေနဲ့ဆိုတော့ ပေါက်ကွဲပြီးမှ ပြန့်သွားတဲ့သဘောလောင်နေတာ။ပေါက်ကွဲမှုက ဘေးကလူတွေတောင် နားစည်ကွဲပြီး သွေးထွက်တယ်။ အခုထိမီးလောင်နေတုန်းပဲ ။ငြိမ်းလို့မရဘူး ။ ” လို့ မျက်မြင် ဒေသခံကပြောပါတယ်။
လက်ရှိအချိန်ထိ မော်တော်တွေ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာနေရာကို ဟုမ္မလင်း မြို့နယ်မီးသတ် နဲ့အတူ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရောက်ရှိနေပေမယ့်လည်း မီးလောင်မှုအားပြင်းထန်တဲ့အတွက် ခုချိန်ထိ မီးငြိမ်းနိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။
” ခုထိတော့ လောင်နေတုန်းပဲ အတိအကျတော့ မသိရသေးဘူးဗျ ။ မီးလောင်နေတာ အနည်းဆုံးမော်တော် ၁၀ စီးအထက်မှာ ရှိတယ်။ သက်ဆိုင်ရာတွေ လာကြတယ် ရှိကြပါတယ်။ဒါပေမယ့် ဘာမှလုပ်လို့မရဘူး။ ကမ်းနားလမ်းကိုအထိ မီးအပူတွေများနေတာ ။” လို့ နောက်ထပ် ဒေသခံက ပြောပါတယ် ။
ဆီမော်တော်တွေ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးငြိမ်းသတ်နိုင်မှု ၊ ထိခိုက်ပျက်စီးမှု အခြေအနေကို သိရှိနိုင်ဖို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဌာနကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး ။

အရင်လ မတ် ၂၉ ရက်နေ့ ကလည်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW