ဧပြီ ၃၀ ၊ ၂၀၂၆
CC (VOM)
ရွေးကောက်ပွဲ ဥပဒေနဲ့ဖမ်းဆီးပြီး ထောင်ချခံထားရတဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ဟာ ဒီကနေ့ ကဆုန်လပြည့်နေ့ ၊သမ္မတပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ မိသားစုနီးစပ်သူဆီက သိရပါတယ်။
” အိမ်ရောက်နေကြပါပြီ။ ကိုသက်လွင် ဖုန်းပြောပြီးပါပြီ။ အောင်ချမ်းလူလဲ ရောက်ပါပြီ ။ အုန်းဒိုင်း တို့ နဲ့တော့ မပြောရသေးဘူး ။ကျော်ဝင်းထွဋ်လေးရော မတွေ့ရသေးပါဘူး ။ ဒါပေမယ့်သူတို့နှစ်ယောက်လည်း လွတ်တာ သေချာပါတယ်။ ” လို့ မိသားစုနဲ့ နီးစပ်သူ ရုပ်ရှင်အနုပညာအသိုင်းဝိုင်းလောကသား တယောက်က ပြောပါတယ်။
အဆိုပါ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်လောက်မှာ ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရပြီး ၅ လကျော်အကြာမှာ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
အစိုးရက ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ ရွေးကောက်ပွဲ အသိပညာပေး ဇာတ်ကားဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ဇာတ်ကားကို ဝေဖန်ခဲ့ကြတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ဖမ်းဆီးခံ ထောင်ချခံခဲ့ရ တာဖြစ်ပါတယ်။
သူတို့နဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ် အတူချမှတ်ခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီးကတော့ လွတ်ငြိမ်းသာခွင့်နဲ့ ပြန်လွတ်လာခြင်း မရှိဘူး လို့ သိရပါတယ်။
ဒီကနေ့ ကဆုန်လပြည့်နေ့မှာ အစိုးရက အကျဉ်းထောင်၊ အချုပ်ထောင်နဲ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါအပြင် အကျဉ်းထောင်နဲ့ အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ချမှတ်လိုက်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်အပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ် တယ်လို့ သိရပါတယ်။
နောက်ပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်မတိုင်မှီ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေရဲ့ ပြစ်ဒဏ်ကို ခြောက်ပုံတပုံကို လျော့ချပေးခဲ့ပါတယ်။
ဧပြီ ၁၇ ရက်နေ့ကလည်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၃၃၅ ယောက်ကို
ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ် ။
ဒါအပြင် အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၇၉) ယောက်ကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
နောက်ပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ဧပြီ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက သေဒဏ်ပြစ်ဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက် ပြစ်ဒဏ်ကို ပြောင်းလဲကျခံစေဖို့ ၊ ထောင်ဒဏ်တစ်သက် နဲ့ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို လျှော့ပေါ့ကျခံစေဖို့ (အရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ် တစ်သက်ကို ပြောင်းလဲထားသူတွေ မပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို ပြောင်းလဲ ကျခံစေဖို့ နဲ့ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တပုံကို လျှော့ပေါ့ ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် အမိန့်လည်း ထုတ်ပြန်ခဲ့ပါတယ်။
အရင်လ မတ် ၂ ရက်နေ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) ပြစ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ယောက်ကိုလည်း တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှလွှတ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်အပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
နောက်ပြီး အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁ဝ ယောက်ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဒါအပြင် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက် အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။
