ဧပြီ ၂၈ ၊ ၂၀၂၆
CC (VOM)
ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ် ၊ မိန်းမလှကျွန်းအနီးမှာရှိတဲ့ ချောင်းမှာ အမျိုးသားတယောက် မိကျောင်း ကိုက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
သေဆုံးသူဟာ ချောင်းဗြဲကျေးရွာအုပ်စု ၊ ကံဆိပ်ရွာက အသက် ၁၈ နှစ်အရွယ် မောင်မိုးဝေယံဆိုသူ ဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့ ညပိုင်းမှာ အမဲချောင်းအတွင်း လှေနဲ့ ငါးဖမ်းသွားရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကောင်လေးက လှေပေါ်ကနေ ပိုက်ချတာမှာ မိကျောင်းကရောက်လာပြီး လှမ်းကိုက်လိုက်တာ လူကိုမမိဘဲ လှေကိုကိုက်မိပြီး လှေကလူးသွားတော့ အဲဒီမှာ လူကပြုတ်ကျသွားတာ။ ကျသွားတော့ မိချောင်းက လူကို ကိုက်ချီသွားတာ လို့သိရတယ်။ သူချီသွားတုန်းက လူကမသေသေးဘူး ။ နောက်ရွာသားတွေလိုက်ရှာတော့မှ ချောင်းထဲမှာ သေနေတာကို ပြန်တွေ့ရတာ ။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
မောင်မိုးဝေယံရဲ့အလောင်းကို ရှာဖွေတွေ့ရှိချိန် ခန္ဓာကိုယ်မှာ မိချောင်းကိုက်တဲ့ ဒဏ်ရာတွေအနေနဲ့ ဘယ်ဘက်လက်မှာ လက်ဖျံပေါက်ပြဲဒဏ်ရာ တချက်လက်ခုံပေါ် ပေါက်ပြဲဒဏ်ရာငါးချက်၊ လက်မပေါက်ပြဲဒဏ်ရာတချက် နဲ့ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာခုနှစ်ချက် ရရှိခဲ့သလို ကျောကုန်းမှာပေါက်ပြဲဒဏ်ရာတချက် နဲ့ ခါးနောက်ဘက်မှာလည်း ပေါက်ပြဲ ဒဏ်ရာ ခုနှစ်ချက် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးရုပ်အလောင်းကို စက်ဆန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ရက်နေ့ကလည်း ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာက အမျိုးသားနှစ်ယောက် ချောင်းထဲရေဆင်းကူးရာကနေ မိကျောင်း ကိုက်ခံရပြီး သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂ ရက်ကလည်း ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ရွာသာအေးကျေးရွာမှာ ချောင်းထဲ ရေဆင်းချိုးတဲ့ အမျိုးသားတယောက် မိကျောင်းကိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
ဘိုကလေးမြို့နယ်အတွင်းရှိ တွင်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်း စတဲ့ သဘာဝ ဒီရေတောရှိ ရေချိုရေငန်စပ်မှာ မိကျောင်းတွေဟာ ဧပြီလကနေ ဇွန်လအထိတွင်း မိတ်လိုက်ရာသီ ဖြစ်တာကြောင့် အဲဒီကာလတွေမှာ မိကျောင်းတွေက လူကို ရန်ပြုအန္တရာယ်ပေးတတ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
