ဧပြီ ၂၉ – ၂၀၂၆
SN (VOM)
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ မနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က မိုးသက်လေပြင်းကြောင့် နေအိမ်တချို့ ခေါင်မိုးလန်ကာ သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် Junction Nay Pyi Taw ဈေးဝယ်စင်တာမှာလည်း ယာယီကာထားတဲ့ ဂျစ်ဆင်ဘုတ် ပွင့်ထွက်သွားတာကြောင့် ဈေးဝယ်သူတချို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
“လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး မိုးရော၊ လေရော အတော်ကို ကြမ်းခဲ့တာ။ Junction Nay Pyi Taw က ယာယီကာပေးထားတဲ့ နေရာက ရုတ်တရက် ပွင့်ထွက်သွားတော့ အကုန်လုံး ကြောက်အားလန့်အား ပြေးကြတာ။ ဖုန်တွေဝင်လာ၊ လူတွေကလည်း ပြေးကြနဲ့၊ ခေါင်မိုးတွေကလည်း တဝုန်းဝုန်း၊ တကယ်ကို ကြောက်စရာကြီး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်အတွင်း လယ်ဝေးမြို့နယ်အထွက်က သပြေလှတာပေါင်အနီး 33kv ပျဉ်းမနား ဓာတ်အားလိုင်းပေါ် သစ်ပင်လဲကျမှုကြောင့် လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နေပြည်တော်မြို့မဈေး၊ ပျဉ်းမနားမြို့အလယ် ရွှေချီမြို့ပတ်လမ်း၊ ဥတ္တရသီရိ၊ သပြေကုန်း အစရှိတဲ့နေရာတွေမှာလည်း လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကနဦးရရှိတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
ဒါအပြင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာလည်း မနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာ၊ သံတောင်လမ်းမပေါ် သစ်ပင်တွေ လဲကျခဲ့တယ်လို့ သိရပြီး မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မိုးသက်လေပြင်းကြောင့် မြို့မရပ်ကွက်နဲ့ မြင်းဘက်ရပ်ကွက်တို့မှာ သစ်ပင်တွေလဲကျခဲ့ကာ လူနေအိမ်တချို့ ပိမိ ပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်းမြို့မှာလည်း မနေ့ မွန်းလွဲ ၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာယာအေးရပ်ကွက်၊ ဈေးကွက်သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ဈေးကွက်သစ်ရပ်ကွက်တို့မှာ သစ်ပင်တွေလဲကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်မှာလည်း ဧပြီ ၂၇ ရက်၊ ညနေ ၆ နာရီ ၃၇ မိနစ်ဝန်းကျင်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာ၊ မိုင်းဆတ် – မိုင်းတုံကားလမ်းပေါ်မှာ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီ ဧပြီ ၂၇ ရက်နေ့မှာပဲ ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ရှမ်းပြည် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်အများအပြား ကျိုးကျကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် အဆောက်အဦတချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီး၊ ရှမ်းရိုးမကွင်းရှေ့မှာ စိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေလည်း ပြိုလဲ ပျက်စီးခဲ့သလို အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်၊ ဆွတ်ဆိုင်ကျေးရွာလမ်းမ၊ ပါလျှံ (၂) ဝေဠုဝန်ကျောင်းရှေ့၊ ပါလျှံ (၁) အစရှိတဲ့ နေရာတွေက သစ်ပင်တွေလည်း လဲပြိုကျခဲ့တယ်လို့ သိရပါတယ်။
“လေအပြင်းအထန်တိုက်ပြီး မိုးတွေခြိမ်း၊ မိုးကြိုး သုံးခါထက်မနည်း ပစ်ချတာ။ ပုန်းထွန်ရပ်ကွက်ဘက်မှာလည်း နေအိမ်တချို့ ပျက်စီးတာတွေ ဖြစ်တယ်။ ဆန်ဆိုင်းရပ်ကွက်က ဓာတ်တိုင်လည်း ရှော့ဖြစ်ပြီး မီးလောင်သွားတယ်။ ဓာတ်တိုင် ရှော့ဖြစ်တာက နှစ်နေရာလောက် ရှိတယ်။ အဲဒါကြောင့် နာရီပိုင်းလောက် မီးပျက်သွားသေးတယ်။ လူထိခိုက်တာတော့ မရှိဘူး။ ဧပြီ ၁၈ ရက်နေ့ကလည်း ဒီ တာချီလိတ်မှာပဲ လေပြင်းတိုက်တာ တခါဖြစ်သေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဒူးချဆိပ်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က မိုးသည်းထန်ကာ လေပြင်းတိုက်၊ မိုးကြိုးပစ်မှုကြောင့် အမျိုးသား တယောက် မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့က လေပြင်း တိုက်ခိုက်မှုကြောင့် မြို့အနောက်ခြမ်းက ဆီးဆူ့တော် စစ်ရှောင်စခန်းရှိ စာသင်ကျောင်းဆောင်နဲ့ တဲအိမ်တချို့ အမိုး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
