ဧပြီ ၂၈ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပကိတ်ကြီး ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး အိမ်နဲ့ ဂိုဒေါင် ၂၈ လုံး လောက်မီးထဲပါသွားတယ်လို့ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာန က သိရပါတယ်။
မနက် ၄ နာရီ ၅၀ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၆ နာရီ ၂၅ မိနစ်မှာမှ မီးငြိမ်းနိုင်ခဲ့တာ ဖြစ်လို့ မီးလောင်မှုက အချိန် ၁ နာရီ ခွဲလောက်ကြာမြင့်ခဲ့ တယ်လို့ ဒေသခံဆီက သိရပါတယ် ။
မီးလောင်မှုအတွင်းမှာ နေအိမ်က ၂၆ လုံး နဲ့ ဂိုဒေါင်အသေး နှစ်လုံး မီးလောင်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ သိရပါတယ်။
” ကျွန်တော်တို့ သတင်းရတာက မနက် ၅ နာရီ ၅၀ လောက်မှာ သတင်းရတာပါ။ မီးစလောင်တာကတော့ အိမ်တအိမ်ရဲ့ ထင်းမီးဖိုကနေ စလောင်တယ်လို့ သိရတယ်။မီးဘေးသင့်အိမ်ထောင်စု ၂၆ စုရှိပါတယ်။ ” လို့ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကျော်မင်းသူက ပြောပါတယ်။
လက်ရှိမှာ မီးဘေးသင့် ကျေးရွာဒေသခံတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုး ၊မိသားစုဝင်တွေရဲ့ နေအိမ်မှာ ယာယီနေထိုင်နေကြကြောင်းနဲ့ မီးဘေးသင့်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စီစဥ်နေတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ မြောင်းမြမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းငြိမ်းသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
အလားတူ မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် ၊ ကရုပ္ပိကျေးရွာမှာလည်း ဒီနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ကိုးလုံးမီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၆ ရက်နေ့ ၊ မနက်အစော ၆ နာရီ ၂၅ မိနစ်လောက်ကလည်း ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့မစျေးကြီးမှာ မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၂၇၁ ခန်းမီးလောင်ပျက်စီးမှု ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Mg Mg
