ရခိုင်မ​ကွေးအစပ် ဂုတ်ကြီးစခန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

ဧပြီ ၂၈ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ဂုတ်ကြီးစခန်းဝန်းကျင်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာဖြစ်ပြီး အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးဖောက်နိုင်ဖို့အတွက် ကားသုံးစီးနဲ့ စစ်ကူအင်အား ဖြည့်တင်းကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
“အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးစစ်ဆင်နိုင်ဖို့အတွက် ဖလမ်းမြို့သိမ်းတိုက်ပွဲက အရာရှိစစ်သည်တချို့ကို မြေလပ်ရွာဘက်ကိုပို့ပြီး အင်အားထပ်ဖြည့်ထားတာ။ အဲဒီရွာက နတ်ရေကန် ဗျူဟာကုန်းကိုသွားတဲ့ ရခိုင် – မကွေးရိုးမ လမ်းသစ်လမ်းပေါ်မှာရှိတယ်။ မြေလပ်နဲ့ ဂုတ်ကြီးစခန်းနဲ့ဆို ၁ မိုင်လောက်ပဲဝေးတယ်။ တိုက်ပွဲကတော့ အခုထိ ပြင်းထန်နေတုန်းပဲ။ နှစ်ဖက်စလုံး အထိနာနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းရဲ့ အရေးပါတဲ့ ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဂုတ်ကြီးစခန်းကို ပြန်လည် ရရှိနိုင်ဖို့ အစိုးရတပ်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဂုတ်ကြီးစခန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် AA တပ်တွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အဲဒီစခန်းကနေ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရခိုင် – မကွေးအစပ်ကနေ နတ်ရေကန်ဗျူဟာကုန်းကိုသွားတဲ့ ဂုတ်ကြီးလမ်းဟောင်းနဲ့ ပဇီလမ်းဟောင်းတို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဟာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲအတွင်း ဂုတ်ကြီးကျေးရွာက ဒေသခံ ၁၀၀ နီးပါး တိမ်းရှောင်ခွင့်မရဘဲ ရွာထဲမှာ ပိတ်မိနေကာ တချို့ကတော့ နီးစပ်ရာ တောစပ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပိတ်ဆို့နေတာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ အခက်တွေ့နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
“တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတော့ ပဒါန်း – ငဖဲ – ရိုးမလမ်းပိုင်းမှာ ကုန်သွယ်မှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေတယ်။ ဆေးဝါးနဲ့ လောင်စာဆီ သယ်ယူခွင့်တွေကိုလည်း အစိုးရတပ်က ကန့်သတ်ထားတယ်။ ဒါကြောင့် စစ်ရှောင်တွေအတွက် ရိက္ခာ လိုသလောက်ရဖို့ အရမ်းခက်တယ်။ ရခိုင်နဲ့ မကွေးကို ဆက်သွယ်ထားတဲ့ ပင်မလမ်းကြောင်းဖြစ်တဲ့ မင်းတုန်းမြို့နယ် အနောက်ဘက်နဲ့ ဆော – မင်းတပ်လမ်းပိုင်းမှာလည်း တိုက်ပွဲဖြစ်တာ၊ လေကြောင်းတိုက်ခိုက်တာ မကြာခဏ ဖြစ်နေတော့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ သွားလာဖို့ အန္တရာယ် အရမ်းများတဲ့ အနေအထား ဖြစ်တယ်။ ကြာရင် ကုန်သွယ်ရေးကိုပါ ထိခိုက်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဗျူဟာကုန်းရဲ့ ပင်မစခန်းတခုသာ ကျန်ရှိတော့တာ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပြီး အစိုးရတပ်ရဲ့ တပ်စခန်းငယ်တွေ၊ ကာကင်းစခန်းတွေ၊ စစ်စခန်းတွေ အားလုံးကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ အသိပေးထားပါတယ်။
နတ်ရေကုန်ဗျူဟာကုန်းဟာ ပုသိမ် – မုံရွာလမ်းကြောင်းတလျှောက် အစိုးရတပ်ရဲ့ ကပစ (ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုစခန်း) တွေကို ကာကွယ်ထားတဲ့ နောက်ဆုံးခံတပ် ဖြစ်တာကြောင့် စခန်းမပေးရရေးအတွက် အစိုးရတပ်က လေကြောင်း ပစ်ကူပေးတာအပြင် တပ်အင်အား ဖြည့်တင်းခြင်းတွေကိုပါ ပြုလုပ်ပြီး အပြင်းအထန် ခုခံနေရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW