ရွေး​ကောက်ပွဲ​အောင်မြင်​အောင်လုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရတဲ့အပေါ် ကိုယ်စားလှယ်​တွေနဲ့ ဒေသခံတွေ ဘာပြောသလဲ

ဧပြီ ၂၈ ၊ ၂၀၂၆
CC (VOM)
မကြာသေးခင်က ထုတ်ပြန်ကြေငြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးသတ်မှတ်တဲ့ ​မြို့နယ်တွေထဲမှာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားတွေ ရွေးကောက်တင်မြောက်နိုင်ခဲဲ့တဲ့ မြို့နယ်တချို့ ပါဝင်နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မှာဆိုရင် မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာတဲ့အထဲမှာ သီပေါ နဲ့ ကျောက်မဲမြို့ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အမတ်တွေ ရွေးချယ်တင်မြှောက်ထားပါတယ်။ ဒါပေမယ့် စစ်အုပ်ချုပ်ရေး မြို့ထဲပါဝင်တဲ့အပေါ် သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ကိုကောင်းသက်စံက အခုလို ပြောပါတယ်။
” တခြားမြို့တော့ မသိပေမယ့် ကျွန်တော့်မြို့အတွက်တော့ ပိုမိုကောင်းမွန်တဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ဖို့အတွက် စစ်အုပ်ချုပ်ရေးကို ကျင့်သုံးတယ်လို့ ယူဆပါတယ် ။ဒီအပေါ်မှာတော့ တင်းကျပ်တဲ့ အနေအထား ပြည်သူတွေအခက်တွေ့စေတဲ့ အနေအထားဖြစ်မှာ မဟုတ်ဘူးလို့ယုံကြည်တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လည်း ပြည်သူလူထုနဲ့ ဒေသခံ​တွေရဲ့ဖွံ့ဖြိုးရေးကိစ္စကို ဆက်လက်ဆောင်ရွက်သွားဖို့သာရှိပါတယ်။လိုအပ်ရင် လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားကြမယ်လို့ ကျွန်တော်ခံယူထားပါတယ်။ သီပေါကတော့ စစ်အုပ်ချုပ်ရေး အရင်ကလဲ ကြေငြာဖူးတော့ သိပ်တော့ပြောင်းလဲမှုမရှိဘူး။ တခြား အခြေအနေဆိုးနေတဲ့ ဒေသတွေလဲ ( စစ်အုပ်ချုပ်ရေး) ပါသင့်တယ်လို့မြင်တယ်။ တချို့ဒေသတွေဆို အခြေအနေမဆိုးပေမယ့် ပါနေတော့ အံဩမိတာတော့ရှိတယ် ။ကျောက်မဲကတော့ မပါသင့်ဘူး ။” လို့ သုံးသပ်ပြောပါတယ်။
စစ်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ သိရှိနားလည်မှု နည်းတဲ့အတွက် အဓိက ရွေးကောက်ပွဲ ပြုလုပ်ထားပြီး လွှတ်တော်အမတ်ရွေးချယ်တင်မြှောက်ထားတဲ့ မြို့တွေမှာတော့ ပြည်သူလူထု နားလည်အောင် ရှင်းပြသင့်တယ်လို့ အကြံပြု ပြောဆို ပါတယ်။
ကရင်ပြည်နယ်မှာဆိုရင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီး မြို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေငြာထားပါတယ်။
အဲဒီအပေါ် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်ကတော့ အစိုးရအနေနဲ့ ကော့ကရိတ်မြို့ကို စစ်အုပ်ချုပ်ရေးသတ်မှတ်တာဟာ အဓိက သောင်းကျန်းသူ လုံးဝကင်းစင်နယ်မြေအဖြစ်ရှင်းလင်းဖို့ အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
” ကော့ကရိတ်က အခြေအနေအေးချမ်းတည်ငြိမ်နေပြီး မြို့နေပြည်သူက ပြန်လည်ဝင်ရောက်နေထိုင်ကြတာ နှစ်နှစ်ပြည့်ခဲ့ပြီ။ အာရှလမ်းလည်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီ။ ‌မြို့တွင်းမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ။ဒါပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းများပြားတဲ့နယ်မြေဖြစ်ခြင်း ၊ လက်နက်ကိုင်သောင်းကျန်းသူတချို့က မြို့ရဲ့မနီးမဝေးကနေ နှောင့်ယှက်နေခြင်း၊ မြို့ရဲ့သတ်မှတ်ထားတဲ့ နေရာကနေဝေးဝေးကို ဆုတ်ခွာတာမျိုးမရှိသေးဘူး ။ စစ်အုပ်ချုပ်ရေး သတ်မှတ်ပေးထားရတာတော့ လက်နက်ကိုင်အဖွဲ့ တွေ ကိုအစိုးရက ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ထားတယ်။ ငြိမ်းချမ်းရေးကိုသတ်မှတ်တဲ့ကာလအတွင်း မဆောင်ရွက်ခဲ့ရင် အပြီးအပိုင်အမြစ်ဖျက်ချေမူန်းမယ် ။သောင်းကျန်းသူလုံးဝကင်းစင်နယ်မြေအဖြစ်ရှင်းလင်းဖို့ လုပ်ငန်းဆောင်ရွက်တဲ့အခါလွယ်ကူလျှင်မြန်ထိရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးသတ်မှတ်တယ်လို့ သုံးသပ်မိပါတယ်။ ” လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေး သတ်မှတ်တဲ့အပေါ် မြေပြင်အခြေအနေမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြို့ခံပြည်သူတွေကို လိုက်လံအသိပေးတာ မျိုးမရှိသေး ဘူးလို့ မြို့ခံဆီက သိရပါတယ်။
လက်ရှိမှာတော့ စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ အခြေအနေသာရှိပြီး အရင် စစ်အုပ်ချုပ်ရေး မ​ကြေငြာခင်က အခြေအနေထက် ထူးခြားပြောင်းလဲမှု မရှိဘူးလို့ ကော့ကရိတ် ဒေသခံက ပြောပါတယ် ။
” စစ်အုပ်ချုပ်ရေး ကြေငြာတာကို လူမှုကွန်ယက်မှာတွေ့လို့သာ သိတာပါ။ မြို့မှာတော့ လိုက်ကြေငြာတာ မရှိသေးဘူး ။ထူးခြားမှုတော့မရှိပါဘူး ။ ဒီတိုင်းပါပဲ ။ မြို့ခံတွေကလည်း နေသားကျနေပါပြီ ။ စစ်အုပ်ချုပ်ရေး ကြေငြာတာတော့ သူတို့လိုအပ်လို့ ကြေငြာတယ်လို့ပဲ ထင်ပါတယ်။ အဲဒီအပေါ်တော့ ကျွန်တော်တို့ ဘာမှမပြောလိုဘူး ။ အခုကတော့ မြို့က တိုက်ပွဲမရှိပါဘူး ။ အခြေအနေ တည်ငြိမ်လို့ ရပ်ကွက်တချို့မှာ မီးတောင်ပြန်ရနေပြီ။ ထရမ်စဖော်မာ ကောင်းတဲ့ နေရာက အိမ်တွေ မီးရနေတာပါ။ ” လို့ ကော့ကရိတ် ဒေသခံက ပြောပါတယ်။
အစိုးရကတော့ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ် ၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း ၊မကွေးတိုင်း ၊ ကယားပြည် နယ် ၊ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် နဲ့ မန္တလေးတိုင်း တို့က မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေးအဖြစ် ဧပြီ ၂၃ ရက်မှာ သတ်မှတ်ကြေငြာထားတာ ဖြစ်ပါတယ်။
အဓိက လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေး ကြေငြာတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစိုးရအနေနဲ့ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားခြင်းမရှိတဲ့ မြို့တွေမှာ လုံခြုံရေးအရ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ပယ်ဖျက်ပေးစေလိုကြောင်း ဒေသခံ ပြည်သူတွေက ပြောဆိုမှုရှိနေပါတယ်။
ပခုက္ကူ ​ဒေသခံ တ​ယောက်က” စစ်အုပ်ချုပ်​ရေးက ခုမရှိ​တော့​ပေမယ့် အကန့်အသတ်​တွေရှိ​နေတယ် ။ လူထုစားဝတ်​နေ​ရေးအတွက် အပြင်သွားလာခွင့်ကန့်​သတ်တာ ​ဖြေ​လျှော့​ပေးဖို့၊ ဆိုင်ကယ် ၂နှစ်ယောက်စီးမရတာ​​တွေ ပယ်ဖျက်​ပေးဖို့ ကျွန်တော် တို့က ဖြစ်ချင်ပါတယ် ။အစိုးရက ပြန်လည်​ဖြေ​လျော့​ကြောင်း ​ကြေငြာ​ပေးပါ” လို့ ဆိုပါတယ်။
Photos- sine kaung thet san

Related posts

Leave a Comment

VOM News

FREE
VIEW