လွတ်ငြိမ်းသက်သာခွင့်​ပေးတာ​တွေ နှုတ်ရင် ဒေါ်အောင်ဆန်းစုကြည်အ​ပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်ဟာ ၁၃ နှစ်ဝန်းကျင် ကျန်နေနိုင်သေး

ဧပြီ ၃၀ – ၂၀၂၆
S3(VOM)
နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေထဲက နှစ်တချို့ကို လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တာမှာ ခန့်မှန်းချက်တွေအရ ထောင်ဒဏ် ၁၃ နှစ်ဝန်းကျင်လောက် ကျန်ရှိနေနိုင်သေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့အမှု နှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ – ၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) တို့နဲ့ စုစုပေါင်း ထောင်ခြောက်နှစ် ချထားတာတွေကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေတာမှာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် (နှစ်ဆန်းတရက်နေ့) က လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို ထပ်မံ လျှော့ပေါ့ပေးခဲ့သလို ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ လွတ်ငြိမ်းမှာလည်း နောက်ထပ် ပြစ်ဒဏ် ခြောက်ပုံတပုံ လျှော့ပေါ့ပေးခဲ့တာကြောင့် လက်ရှိမှာ ထောင်ဒဏ် ၁၃ နှစ်ဝန်းကျင် ကျန်ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။
“၂၀၂၃ ခုနှစ်တုန်းက တကြိမ် ခြောက်နှစ် လျှော့ပေးတယ်။ အဲဒီမှာ ၂၇ နှစ်ကျန်တယ်။ ၂၇ ကို ခြောက်ပုံတပုံဆိုတော့ လေးနှစ်ခွဲလောက် လျှော့မှာပေါ့။ ခြောက်ပုံတပုံ နှစ်ကြိမ်ဆိုတော့ ကိုးနှစ်လောက်ဖြစ်မယ်။ အဲဒီတော့ ထောင်ဒဏ် ၁၈ နှစ်လောက် ကျန်မယ်။ ​ထောင်ထဲ​နေပြီးတာက ငါးနှစ်ပြည့်ပြီးသွားပြီဆိုတော့ ငါးနှစ်ထပ်နုတ်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်က ၁၃ နှစ်လောက် ကျန်နေနိုင်သေးတယ်လို့ ခန့်မှန်းရတယ်” လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မီဒီယာတွေက ပြည်ထောင်စုအဆင့်ကို မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို VOM က ဆက်သွယ် မေးမြန်းရာမှာလည်း NLD ထိပ်ပိုင်းခေါင်းဆောင် တယောက်က ၎င်းအနေနဲ့ ထောင်တွင်းမှာ ပြစ်ဒဏ် ကျခံနေရချိန် ဖြစ်တဲ့အတွက် တိတိကျကျ သိရှိခြင်းမရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ကလည်း ထောင်ကျခဲ့တယ်။ ပြန်လွတ်လာတဲ့အခါကျတော့ စာတွေ၊ သတင်းတွေထဲမှာ ဖတ်ရတာတော့ ၂၇ နှစ်လို့ တွေ့တယ်။ ဒါပေမယ့်ကျွန်တော် သေသေချာချာ တိတိကျကျတော့ မသိဘူး။ ပြီးတော့ လျှော့ရက် ပေးတယ်ဆိုတာမှာလည်း သူတို့ လျှော့ရက်က ဘယ်လိုပေးတာလဲ၊ တကြိမ်ပေးရင် ဘယ်လောက်ရတာလဲ၊ အဲဒါတွေ ကျွန်တော်တို့မသိဘူး။ ပြောရရင် ကျွန်တော်အဲဒါတွေကို တွက်ဖို့လည်း စိတ်ထဲ သိပ်မရှိပါဘူး” NLD ထိပ်ပိုင်းခေါင်းဆောင် တယောက်က ပြောပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မကြာသေးခင်က ထုတ်ပြန် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ပရောက် မြန်မာတချို့နဲ့ အဖွဲ့အစည်းတွေကလည်း ဒါနဲ့ပတ်သက်လို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကလည်း ၎င်းရဲ့မိခင် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို ကမ္ဘာတဝန်းမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်က “ကျွန်တော်ကတော့ သူများတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဘာမှ ဝေဖန်တာတွေ၊ ဆုံးဖြတ်တာတွေ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ခေါင်းဆောင်သည် ထောင်ထဲမှာနေရမယ့်သူ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ကျွန်တော်တို့ခေါင်းဆောင်သည် ဒီလို အဖမ်းခံရပြီးတော့ အကျယ်ချုပ်၊ အကျဉ်းချုပ်၊ ဘယ်လိုအချုပ်ဖြစ်ဖြစ်ပေါ့၊ အဲဒီလို နေရမယ့်သူ မဟုတ်ဘူး။ သူက ဒီနိုင်ငံအတွက် ကောင်းရာကောင်းကျိုးတွေကို ဆောင်ရွက်နေရမယ့်သူတယောက်။ ဒီလိုပဲ ကျွန်တော် ခံယူထားတယ်။ ကျွန်တော်တို့ခေါင်းဆောင် သက်ရှိထင်ရှား ရှိနေပါစေလို့ ကျွန်တော်နေ့တိုင်း ဆုတောင်းတယ်။ သူ သက်ရှိထင်ရှားနဲ့ ကျွန်တော်တို့ဆီ၊ ပြည်သူတွေရှေ့မှောက်ကို ပြန်ရောက်ပြီး နိုင်ငံနဲ့တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည် မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့နိုင်ငံ​ရေးမှာ နိုင်ငံ​ရေးလုပ်သူ​​တွေကို ပုဒ်မဘယ်​လောက်တပ်တပ် ဘယ်​လောက်ချချ နိုင်ငံ​ရေးအ​ပြောင်းအလဲဖြစ်ရင် လွတ်ချင်တဲ့အချိန်လွတ်တာမို့ မကြာခင် လွတ်လာလိမ့်မယ်လို့ ​မျှော်လင့်သူ​​တွေလည်းရှိကြပါတယ်။
လက်ရှိအ​ခြေအ​နေမှာ​တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ထိန်းသိမ်းထားတဲ့နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးတာ​ကြောင့် ပြည်သူတွေကတော့ သူမ သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြတာ​တွေ့ရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW