ဧပြီ ၂၈ – ၂၀၂၆
SN (VOM)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ လေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ အယောက် ၂၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
မနေ့ ဧပြီ ၂၇ ရက်၊ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီအထိ သံတောင်ကြီးမြို့နယ်၊ ဗဟန်းကျေးရွာ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာ ခြောက်ယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်တာ။ ဆက်တိုက်ဆိုသလိုပဲ။ ခြောက်ယောက် နေရာတင် ပွဲချင်းပြီး သေတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်။ သေဆုံး ထပ်တိုးနိုင်တယ်။ လေကြောင်းအပြင်ကိုမှ ရွှေနန်းကလေးအခြေစိုက် လက်နက်ကြီး အထိုင်စခန်းကနေလည်း ငွေတောင်ရွာနဲ့ ဗဟန်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း နေပြည်တော်နဲ့အစပ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်းရှိ ဘုံတောင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့တာကြောင့် ၁၂ ယောက် သေဆုံးပြီး သုံးယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရွာမှာ စုပေါင်းသန့်ရှင်းရေးအတွက် လုပ်အားပေးလုပ်ဖို့ လူစုနေတဲ့အချိန် လေကြောင်း တိုက်ခိုက်မှုဖြစ်တာ။ နေရာမှာတင် သေဆုံးသွားတဲ့သူတွေလည်း ရှိတယ်။ ဧပြီ ၂၅ ရက်နေ့၊ မနက်ပိုင်းမှာ တယောက် ထပ်သေတယ်။ ရွာထဲက နေအိမ် တော်တော်များများလည်း ပျက်စီးကုန်တယ်” လို့ သူက ပြောပါတယ်။
သံတောင်ကြီးနယ်မှာ ဧပြီ ၂၄ ရက်နဲ့ ဧပြီ ၂၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၁၈ ယောက်အထိ ရှိလာနေတာဖြစ်ပြီး ဒဏ်ရာရကတော့ ရှစ်ယောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အောင်ချမ်းသာရွာသစ်ဘုန်းကြီးကျောင်းအတွင်း စခန်းထိုင်တပ်ဆွဲထားတဲ့ ခြေမြန်တပ်ရင်း (ခမရ – ၄၁၁) ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် အစိုးရတပ်က နေပြည်တော်နဲ့ ကရင်ပြည်နယ်အစပ်၊ သံတောင်မြောက်ပိုင်းဒေသရှိ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေသလို မြေပြင်ကနေလည်း အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဧပြီ ၂၂ ရက်နေ့မှာပဲ သံတောင်မြောက်ဘက်က သာမိတိုက် ကျေးရွာအုပ်စုဘက်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Photo – CJ
