ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ၁၉ ယောက် သေဆုံး

မေ ၂ – ၂၀၂၆
SN(VOM)
အစိုးရတပ်ဟာ ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် သုံးရက်အတွင်း ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မေ ၁ ရက်၊ မွန်းလွဲ ၃ နာရီကျော်ဝန်းကျင်က ဖလမ်းမြို့နယ်ရှိ ခေါပွီးချစ်ပ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ခုနစ်ယောက်‌ သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဘော်လီဘောကွင်းထဲကိုကျပြီး ပေါက်ကွဲမှုဖြစ်တာပါ။ ဒါကြောင့် ထိခိုက်သေဆုံး နည်းနည်းများသွားတာ။ နေအိမ် ၁၀ လုံးလောက်လည်း ထိခိုက် ပျက်စီးသွားတယ်။ အစိုးရတပ်က ဖလမ်းကိုသိမ်းပြီးနောက်ပိုင်း ဒီချင်းဒေသမှာ လေကြောင်း တိုက်ခိုက်တာတွေ ပိုပြီး စိပ်လာတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ခေါပွီးချစ်ပ်ကျေးရွာ‌ဟာ နေအိမ် ၃၀ ဝန်းကျင်သာရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး မြန်မာ – အိန္ဒိယနယ်စပ်အနီး ဖလမ်း – ရိဒ်လမ်းမကြီးနဲ့ ၄ မိုင်ခန့်အကွာမှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကလည်း ချင်းပြည်နယ် (တောင်ပိုင်း)၊ ကျင်ဒွေးမြို့တံတားအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီနေ့မှာပဲ မနက် ၁၀ နာရီဝန်းကျင်က တလန်ရောန်ကျေးရွာဝန်းကျင် တောင်ယာ စစ်ရှောင်တဲတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဲဒီ ဧပြီ ၃၀ ရက်နေ့မှာပဲ မနက် ၇ နာရီဝန်းကျင်က ဖလမ်းမြို့နယ်ရှိ ခွဲမွာလ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပြီး ဧပြီလ ၂၉ ရက်နေ့ကလည်း ကျင်ဒွေးမြို့ တံတားဝန်းကျင်မှာ ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ကိုးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ ဖလမ်းမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းမြို့နယ်က ကျေးရွာတွေကို မကြာခဏ လေကြောင်း တိုက်ခိုက်ခဲ့သလို အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်အပြီးမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ဖလမ်းကို ပြန်သိမ်းပြီးနောက် မြို့အတွင်းမှာ စစ်ကြောင်း နှစ်ကြောင်း တပ်ဖြန့် အထိုင်ချထားသလို နောက်ထပ် စစ်ကြောင်းတကြောင်းကတော့ ဖလမ်း – ဟားခါးလမ်းပိုင်းကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“အခု ဟားခါးနဲ့ ဖလမ်းမြို့ကြားမှာ အစိုးရတပ်တွေ စစ်ရေးလှုပ်ရှားနေတာ ရှိတယ်။ ဒါကြောင့် ချင်းလဲန်းအစိုးရတပ်တွေနဲ့ တားလ်ကျေးရွာနဲ့ တလန်ဇာရ်ကျေးရွာကြားမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်တွေဟာ ဖလမ်းကို ရရှိပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ချင်းပြည်နယ်အတွင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲအရှိန် မြင့်တက်လာနိုင်ခြေ ရှိနေတယ်လို့ စစ်ရေး ကျွမ်းကျင်သူ‌တွေက သုံးသပ်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW