မေ ၂ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ တောင်သာမြို့ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာမှာရှိတဲ့ ချောင်းပေါက်ကျေးရွာ၊ မဟာဝါဠုကာရာမ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဉူးစန္ဒာဝရကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က လာရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မေ ၂ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ မဟာဝါဠုကာရာမ ကျောင်းတိုက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင်အမျိုးသားတွေရောက်လာပြီး ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ် ။
” ဆရာတော်ကို ကျောင်းဝန်းအပြင်ဘက်ထိ ခေါ်သွားပြီး အပြင်ဘက်ရောက်မှ ပစ်သတ်သွားတာလို့ သိရတယ်။ ပစ်သွားတဲ့သူတွေ မမိပါဘူး ။ ဆရာတော်ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
အသတ်ခံရတဲ့ ဆရာတော် ဉူးစန္ဒာဝရဟာ သက်တော် ၄၈နှစ်၊ ဝါတော် ၂၈ နှစ်ရှိပြီလို့ သိရပါတယ် ။
၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ သံဃာအရေအတွက် ၉၃ ပါးရှိခဲ့ပြီး ဖမ်းဆီးခံရလို့ ပျောက်ဆုံးနေတဲ့ သံဃာ ၄၅ ပါးရှိခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ် ။
တောင်သာမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွက် တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာမျိုးမရှိပေမယ့် ကျေးရွာတချို့မှာတော့ နေအိမ်တွေ မီးရှို့ခံရလို့ မီးလောင်ပျက်စီးမှုတွေဖြစ်ပွားနေကြာင်း ၊ ဒီကနေ့ မေ ၂ ရက်မှာဆိုရင်လည်း ဇေယျာသီရိရွာမှာ နေအိမ်တွေ မီးလောင်ဆုံးရှုံးမှု ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ် စစ်ကြောင်းက တောင်သာမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ သွားလာလှုပ်ရှား မှုရှိတဲ့ နယ်မြေဘက်တွေကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီအတွက် တိုက်ပွဲ ဖြစ်ပွားမှာစိုးတာကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်းက ဒေသခံပြည်သူတွေ .စစ်ရှောင်နေကြရတယ်လို့ သိရပါတယ် ။
တောင်သာ နဲ့ အနီးမှာ ရှိတဲ့ မြို့တွေဖြစ်တဲ့ နွားထိုးကြီး ၊မြင်းခြံဘက်တွေမှာတော့ တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး အစိုးရတပ်က မြေပြင် စစ်ကြောင်းထိုးရှင်းလင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ -CJ
