မေ ၃ – ၂၀၂၆
SN (VOM)
အစိုးရတပ်တွေဟာ စစ်ကိုင်းတိုင်း (အထက်ပိုင်း) ရှိ အင်းတော်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် အဲဒီမြို့ရဲ့ မြို့နယ်ခွဲတခုဖြစ်တဲ့ မော်လူးမြို့ကို ဆက်လက် ထိုးစစ်ဆင်နေတာမှာ လက်ရှိမှာတော့ မြို့ရဲ့ ၇ မိုင်အကွာလောက်အထိ စစ်ကြောင်း ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မေ ၂ ရက်၊ မနက်ပိုင်းကစပြီး အင်းတော်၊ နဘားလမ်းဆုံဘက်ကနေ မော်လူးမြို့ဘက်ကို မြေပြင်စစ်ကြောင်းအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။
“မော်လူးမှာတော့ ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ မြို့ထဲမှာ လူမရှိသလောက် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကတည်းက စပြီး ရှောင်ကုန်ကြတာပေါ့။ မိုးညှင်းဘက်က စစ်ကြောင်းလည်း မော်လူးထဲဝင်မယ်၊ အင်းတော်ဘက်ကလာတဲ့ စစ်ကြောင်းလည်း လာမယ်ဆို နှစ်ဖက်ညှပ်ပြီး ပိတ်မိကြမှာကို ဒီက ဒေသခံတွေက စိုးရိမ်ကြတာ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် မော်လူးမြို့ခံတွေအပြင် နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ အစရှိတဲ့ ကျေးရွာတွေမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်တပ်က တမြို့ပြီးတမြို့ ပြန်သိမ်းလာတာဆိုတော့ ဒီမော်လူးလည်း လက်နက်ကိုင်တပ်တွေ ဆက်ထိန်းနိုင်ဖို့ မသေချာဘူး။ အနှေးနဲ့အမြန်ပဲ ကွာလိမ့်မယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ အင်းတော်မြို့ကို အစိုးရတပ်က အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ကသာ ခြေမြန်တပ်ရင်း (ခမရ – ၃၀၉) မှ အင်အားအများအပြားနဲ့ ထွက်လာတဲ့ အစိုးရစစ်ကြောင်းဟာ ဧပြီလ ၂၉ ရက်နေ့မှာ နဘားလမ်းဆုံကို ခြေကုတ်ယူခဲ့ပြီးနောက် ဧပြီ ၃၀ ရက်နေ့မှာ အင်းတော်မြို့အတွင်း ဝင်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အဲဒီနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ မော်လူးမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့နဲ့ ကပ်လျက်ဖြစ်တဲ့ ဗန်းမောက်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရှမ်းနီတပ်မတော် (SNA) နဲ့ အစိုးရတပ်တို့က ပြန်လည် သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် လက်နက်ကိုင်တပ်တွေ ၁၉ လကျော်ကြာ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအတွင်းက တကောင်းမြို့ကိုလည်း အစိုးရတပ်က အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို KIA ပူးပေါင်းတပ်တွေ နှစ်နှစ်နီးပါးကြာ ထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကိုလည်း ၂၀၂၆ ခုနှစ်၊ မတ်လကုန်ပိုင်းမှာ ပြန်လည် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
