မေ ၅ ၊ ၂၀၂၆
GG (VOM)
ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုတဲ့နေရာမှာ ကန့်သတ်ချက်တွေများလာတဲ့အပြင် ထွက်ခွာခွင့်ပယ်ချခံရတဲ့ အရေအတွက်လည်း ရာနဲ့ချီရှိလာတာကြောင့် ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွာဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။
အရင် ဧပြီလ တလတည်းမှာပဲ ပြည်ပပြန်ထွက်ခွင့်လျှောက်ခဲ့တဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်လောက်ဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့်ဆိုပြီး ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရသူအများစုဟာ OWIC ကတ်မှာပါတဲ့ နိုင်ငံ၊ ကုမ္ပဏီနဲ့ ပြန်ထွက်ခွာမယ့် နိုင်ငံ၊ ကုမ္ပဏီ မတူခြင်း ၊ သက်တမ်းရှိ Workpermit နဲ့ လေယာဥ်လက်မှတ်မပါခြင်း ၊ လေဆိပ်အဝင်တံဆိပ်တုံး ၊ နိုင်ငံကူးလက်မှတ် ၊ အလုပ်ရှင်ခွင့်စာ၊ စာရွက်စာတမ်း မှန်ကန်မှုမရှိခြင်း စတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အတွက် ထွက်ခွာခွင့်ပယ်ချခံရပြီး ပြန်လည်တင်ပြဖို့ အသိပေးခံခဲ့ရတာ တွေ့ရပါတယ်။
” ထွက်ခွာတင်တာမှာ ချမပေးဘူးလားဆိုတော့လည်း မဟုတ်ဘူး ချပေးတယ်။ ဘယ်လိုစိစစ်ချပေးသလဲဆို အတိအကျမရှိသလိုဖြစ်နေတယ်။ တချို့မှာ အချက်အလက် အပြည့်စုံတင်ပေမယ့်လည်း သတ်မှတ်ရက်မကျလို့ လေယာဥ်လက်မှတ်ဖိုးတွေဆုံးရှုံးရတယ်။ ခွင့်ရက်အတွက် အလုပ်ရှင်နဲ့ စကားပြောရတယ်။ နစ်နာမှုတွေအများကြီးရှိတယ်။ ကန့်သတ်ချက်တွေက ဖြေလျှော့တာမဟုတ်ဘဲ ထပ်ထပ်တိုးလာနေတော့ ပိုဆိုးတယ်။ ဒီအခြေအနေတွေကို ပြည်ပကမြန်မာအကုန်လုံးကသိနေတော့ ပြန်ရမှာ ကြောက်ကုန်ကြတာ။ ပြန်လာပြီးမှထွက်မရတာတွေ ၊ ကြန့်ကြာတွေဆို စိတ်ရောလူရော ပင်ပန်းတယ်။ငွေလည်းကုန်တယ်။ အဲဒီတော့ တချို့က မပြန်တော့ဘူးဆိုသူများလာတယ်။ကျွန်တော်လည်း ပြန်လာပြီး ဖြစ်နေတော့ အခြေအနေကြည့် လုပ်ရမှာပေါ့။ ” လို့ စင်ကာပူ ခွင့်ပြန် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ပြည်ပခွင့်ပြန် အလုပ်သမားတွေ မြန်မာပြည်ပြန်လာပါက သံရုံးထောက်ခံစာ နဲ့ အလုပ်ရှင်ခွင့်စာ လိုအပ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထုတ်ပြန်ခဲ့သလို့ မနေ့ကလည်း ကန့်သတ်ချက်တချို့ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထပ်မံထုတ်ပြန်လာပါတယ်။
ခွင့်ပြန်လုပ်သားတွေအနေနဲ့ ခွင့်ရက် တလထက်ပိုပြီး ယူပါက ခွင့်ရက်တလထက်ပိုယူရတဲ့ အကြောင်း အရင်းကို အချက်အလက်ခိုင်လုံစွာနဲ့ တင်ပြဖို့ ထပ်မံညွှန်ကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အလုပ်ရှင်ဆီက ခွင့်ရက်ရပေမယ့် လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံက ခွင့်ပြန်လုပ်သားတွေ ထွက်ခွာခွင့်အခက်အခဲကြောင့် နေရပ်ပြန်ပြီးနောက် ပြန်လည်ထွက်ခွာခွင့် ကြန့်ကြာမှာ စိုးရိမ်တဲ့အတွက် နေရပ်မပြန်ရဲသူတွေ ပိုများလာ တယ်လို့ စုံစမ်းသိရှိရပါတယ်။
” ခွင့်ကို တလပဲပေးတယ်လို့ ဘယ်သူကများ ပြောလည်း မသိဘူး ။ တလဆိုတာ အနည်းဆုံးပေးတဲ့ ခွင့်ရက် ပါ။ ကျွန်တော်ဆိုရင် အရင်က နှစ်နှစ်တကြိမ် ပြန်ဖြစ်တယ်။ တခါပြန်ရင် ခွင့်နှစ်လ ရတယ်။ လေယာဥ်လက်မှတ်ဖိုးလည်း အလုပ်ရှင်ကပေးတယ်။ အဲဒီခွင့်ရက်အတွက်လည်း လုပ်ခလစာ အပြည့်ရတယ်။ အခုလည်း အလုပ်က ခွင့်ရတယ်။ ဒါပေမယ့် မပြန်တော့ဘူး ။မပြန်ခင်ကတည်းက စိတ်ဒုက္ခရောက်နေရတယ်။ ပြန်ရောက်ပြီးရင်လည်း ပြန်ထွက်ဖို့ စိတ်ဒုက္ခထပ်ရောက်ရအုံးမယ်ဆိုတော့ မပြန်တော့ဘူး ။ ကိုယ့်နိုင်ငံ ကိုယ်ပြန်တာကို သံရုံးထောက်ခံစာ တွေယူရတယ်။ ခွင့်ရက် တလကျော်ရင်တောင် အကြောင်းပြချက်ကပေးရအုံးမယ်ဆိုတော့ တကယ်အဆင်မပြေဘူး ။ အဆင်မပြေလို့ ပြည်ပထွက်လုပ်တာ ခွင့်ရရင် ကိုယ့်နေရပ်ပြန်ချင်တာပေါ့။ ” လို့ ကာတာရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိမှာ ခွင့်ပြန်လုပ်သားတွေကို ပြန်လည်ထွက်ခွာခွင့် ချပေးတဲ့နေရာမှာ ထွက်ခွာမယ့်ရက်ရဲ့ လေယာဥ်ချိန်ကျော်မှ ခွင့်ပြုချက်ချပေးတာတွေ ၊ ထွက်ခွာမယ့် ရက်ထက်နောက်ကျပြီးမှ ထွက်ခွာခွင့်ချပေးတာ စတဲ့ အလွဲအမှားတွေလည်း ရှိ နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်းမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ ခွင့်ပြန်လုပ်သားတွေကိုပါ ပြန်လည်ထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး တင်းကျပ်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၁ နောက်ပိုင်းကစပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနူန်း အဆမဆန်မြင့်တက်ခြင်း ၊ လုပ်ခလစာ နည်းခြင်း စတဲ့အခြေအနေတွေကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲပြီး ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် အမျိုးသား အမျိုးသမီး လူငယ် လူရွယ်အများစုဟာ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်တာ ပိုများလာခဲ့တာ တွေ့ရပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကို သွားရောက်မှုပိုများပြီး မလေးရှားနိုင်ငံ ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်သူ ၊ စင်ကာပူနိုင်ငံကို သွားရောက်လုပ်ကိုင်မှု ၊ ဂျပန်နိုင်ငံ စတဲ့နိုင်ငံတွေကို သွားရောက်အလုပ်လုပ်သူ ပိုများလာတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cj
