မေ ၅ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ဒေသတွင်း လက်နက်ကိုင်တပ်တွေ နှစ်နှစ်နီးပါးကြာ နယ်မြေစိုးမိုးထားခဲ့တဲ့ မော်လူးမြို့ကို အစိုးရတပ်က ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းမှာ ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ အစိုးရတပ် စစ်ကြောင်းဟာ မေ ၂ ရက်နေ့မှ စတင်ကာ မော်လူးမြို့ကို ဦးတည် ထွက်ခွာလာခြင်းဖြစ်ပြီး သုံးရက်အကြာမှာတော့ မြို့အတွင်း ဝင်ရောက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမနက် ၈ နာရီလောက်ကျမှ အစိုးရတပ်တွေ မော်လူးကို ရောက်တာပါ။ မနေ့ကတည်းက သတင်းတွေထွက်နေပေမယ့် ဒီမနက်မှ ဝင်တာပါ။ စစ်ကြောင်းလာတဲ့ လမ်းတလျှောက်မှာ ပစ်ခတ်မှုတွေ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့တယ်။ မော်လူးရပြီဆိုတော့ နောက်ထပ် နန့်စီးအောင်ကတဆင့် ကချင်ပြည်နယ်ဘက်ကို ဦးတည်နိုင်ခြေ ရှိနေပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အင်းတော်၊ နဘားလမ်းဆုံကနေ ၁၇ မိုင်အကွာရှိ မော်လူးမြို့ကို လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြုကာ ထိုးစစ်ဆင်လာတဲ့ အစိုးရစစ်ကြောင်းနဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အဲဒီနောက်မှာတော့ လက်နက်ကိုင်တပ်တွေက မြို့တွင်းကနေ ဆုတ်ခွာပေးခဲ့တာလို့ သိရပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့နဲ့ ၂၁ မိုင်သာ ကွာဝေးပြီး မြစ်ကြီးနား – မန္တလေး ကားလမ်းမကြီးဘေးမှာ တည်ရှိကာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိန်းချုပ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို မော်လူးမြို့ကို လက်လွှတ်ရတာက လက်နက်ကိုင်တပ်တွေရဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ထောက်ပို့လမ်းကြောင်းနဲ့ နယ်မြေစိုးမိုးမှုအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်။
အစိုးရတပ်က မြောက်ပိုင်း အပစ်ရပ်အပြီးမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဘက်ကို စစ်ရေးဖိအားပိုပေးလာနိုင်တာ တွေ့ရတယ်။ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေတွေ တခုပြီးတခု ပြန်သိမ်းလာနိုင်တာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
အင်းတော်မြို့နဲ့ ကပ်လျက်ဖြစ်တဲ့ ဗန်းမောက်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရှမ်းနီတပ်မတော် (SNA) နဲ့ အစိုးရတပ်တို့က ပြန်လည် သိမ်းယူသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် လက်နက်ကိုင်တပ်တွေ ၁၉ လကျော်ကြာ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအတွင်းက တကောင်းမြို့ကိုလည်း အစိုးရတပ်က အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို KIA ပူးပေါင်းတပ်တွေ နှစ်နှစ်နီးပါးကြာ ထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကိုလည်း ၂၀၂၆ ခုနှစ်၊ မတ်လကုန်ပိုင်းမှာ ပြန်လည် ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – Telegram
