မြစ်ကြီးနား – ရန်ကုန် လေယာဥ်လက်မှတ်ခ ၁၅ သိန်းကနေ ၂၀ ထိပေါက်ပြီး မြစ်ကြီးနား – မန္တလေးလက်မှတ်ခ ၁၀ သိန်းကနေ ၁၅ သိန်းထိ အဆမတန်မြင့်တက်လာ

မေ ၂၊ ၂၀၂၆
GG (VOM)
မြစ်ကြီးနား – ရန်ကုန် – မြစ်ကြီးနား ၊ မြစ်ကြီးနား – မန္တလေး – မြစ်ကြီးနား ခရီးစဥ် လေယာဥ်လက်မှတ်ခစျေးနူန်းတွေ အဆမတန်မြင့်တက်လာတဲ့အပြင် ဝယ်ယူရခက်တဲ့ အခြေအနေပါ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ မြစ်ကြီးနား – ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ပြင်ပလက်မှတ်အရောင်း စျေးကွက်မှာ ခရီးစဥ်တကြောင်းစာကို ၁၅ သိန်းကနေ သိန်း ၂၀ လောက်အထိ စျေးပေါက်နေပြီး မြစ်ကြီးနား – မန္တလေး လေယာဥ်လက်မှတ်ခက ၁၀ သိန်းကနေ ၁၅ သိန်းလောက်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
အဲဒီလေယာဥ်လက်မှတ်စျေးနူန်းတွေဟာ ပြင်ပမှောင်ခိုစျေးနူန်းတွေဖြစ်ပြီး လေကြောင်းလိုင်းတွေရဲ့ တရားဝင် လက်မှတ်ခစျေးနူန်းထက် နှစ်ဆလောက်အထိမြင့်နေတာ ဖြစ်ပါတယ်။
” လေကြောင်းလိုင်းတရားဝင်စျေးထက်ကို အဆမတန်တက်နေတာ ။ system ကလည်း အမြဲ ထိုင်ခုံမရှိဖြစ်နေတာ။ အပြင်မှာကျ လက်မှတ်တွေကရောင်းသူတွေရှိနေတယ် ။ စျေးကို မဖော်ပြကြဘူး ။ဖုန်းဆက်မေးမှ ကိုယ်သွားမယ့် ရက်အလိုက် စျေးကအမျိုးမျိုးဖြစ်နေတာ။ တချို့လည်း ၁၆ သိန်း ၊ ၁၈ သိန်း ပေးဝယ်ရတာရှိတယ်။ တချို့ ရက်ကပ်ပြီး အရေးတကြီး လက်မှတ်လိုသူတွေဆို ၂၀ လောက်အထိ စျေးပေးရတယ်။ လက်မှတ်လိုချင်တော့ ပေးဝယ်ကြတာလည်းပါတယ်။ စျေးတွေမြင့်လို့ လက်မှတ်က ဝယ်ရလွယ်တယ်မထင်နဲ့ ခုံရပါစေ ဆုတောင်းနေရတာမျိုး ။ ” လို့ လေယာဥ် လက်မှတ်အရောင်းဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းတွေမှာ.တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ကြေငြာထားပေမယ့်လည်း ဝက်ဆိုက်ဘ်မှာ ခုံနေရာ မရှိတာကများပြီး ဝယ်ယူလို့ မရတဲ့အခြေအနေတွေကြောင့် ပြင်ပမှာ အဆမတန်စျေးကြီးပေးပြီး ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
လေကြောင်းလိုင်းတွေရဲ့ တရားဝင်ကြေငြာထားတဲ့ မေလအတွက် လေယာဥ်လက်မှတ်နူန်းထားတွေက မြစ်ကြီးနား – ရန်ကုန် ခရီးစဥ်ကို အမြင့်ဆုံး ၁၀ သိန်းကျပ်ဝန်းကျင်သာရှိပြီး မြစ်ကြီးနား – မန္တလေး ခရီးစဥ်က ၆ သိန်းကျပ်အထက်ကနေ ၈ သိန်းနီးပါးသာ ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လေယာဥ်လက်မှတ်စျေးနူန်းတွေ အဆမတန် မြင့်တက်ပြီး လက်မှတ်ဝယ်ယူရခက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခရီးစဥ်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတချို့ကို ဆက်သွယ်စုံစမ်းခဲ့ရာ လေကြောင်းလိုင်းအနေနဲ့ကတော့ တရားဝင်စျေးနူန်းအတိုင်းသာ ရောင်းချပြီး လက်မှတ်ကို ဝက်ဆိုက်ဘ် ဒါမှမဟုတ် Booking တင်နိုင်တဲ့ Viber နံပါတ် ၊ ဖုန်းနံပါတ်တွေကို ဆက်သွယ် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မေလအတွက် ရန်ကုန် – မြစ်ကြီးနား ၊ မြစ်ကြီးနား – မန္တလေး လေကြောင်းခရီးစဥ် အများစု လက်မှတ်ကုန်နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။
” ခုံရှိသေးတယ်ဆိုရင် လက်မှတ်ရပါတယ်။ ဖြတ်ပေးပါတယ်။ ပြီးမှ ဘဏ်စနစ်နဲ့ငွေသွင်းရပါတယ်။ အခုလောလောဆယ်တော့ ဒီလအတွက် ရန်ကုန် – မြစ်ကြီးနား ခုံတော့မရှိတော့ပါဘူး ။ ဒီလအတွက်စျေးက ၉၁၀၀၀၀ ကျပ် ရှိပါတယ်။ နောက်လအတွက်တော့ မသိသေးပါဘူး ။ ” လို့ လေကြောင်းလိုင်း တခုရဲ့ တာဝန်ကျ ဝန်ထမ်းတယောက်က ပြောပါတယ် ။
နောက်ထပ်လေကြောင်းလိုင်းတခုကလည်း မေလ ၉ ရက်အထိ မြစ်ကြီးနားခရီးစဥ်အတွက် ခုံမရှိတော့ကြောင်း ၊ အဲဒီရက်​နောက်ပိုင်း လေယာဥ်ခရီးစဥ်အတွက် အချိန်ဇယားမထွက်သေးဘူးလို့ ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ရန်ကုန် – မြစ်ကြီးနား ကားလမ်းခရီးစဥ်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခြေအနေတွေကြောင့် မြစ်ကြီးနား ဒေသခံတွေဟာ လေကြောင်းကိုသာ အသုံးပြုသွားလာနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအတွက် လေယာဥ်လက်မှတ်ခတွေ အဆမတန် မြင့်တက်လာတဲ့အခြေအနေက ဒေသခံနဲ့ ခရီးသွားပြည်သူတွေအတွက် အဆင်မပြေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စျေးကွက်ထိန်းပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ခုလိုလေယာဥ်လက်မှတ်နူန်းထားတွေ အဆမတန် မြင့်တက်လာမှု နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးကို တင်ပြထားတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနား – ရန်ကုန် ၊ မြစ်ကြီးနား – မန္တလေး လေကြောင်းခရီးစဥ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ၊ MAI ၊ Air Thanlwin ၊Air Mingalar က တပတ်ကို တရက်စီ ပြေးဆွဲပေးနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
မြစ်ကြီးနား လေဆိပ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက ဒရုန်းဗုံး တိုက်ခိုက်ခံရပြီး MNA ခရီးသည်တင်လေယာဥ်ရဲ့ ကိုယ်ထည်ကို ထိမှန်ပျက်စီးမှုရှိခဲ့တာကြောင့် လေဆိပ်ကို ပိတ်ထားခဲ့ပြီး မတ်လ ၁၈ ရက်မှာမှ ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ် ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW