မေ ၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ “ကူမင်း – ကျောက်ဖြူ ရထားလမ်း” စီမံကိန်းကို မြန်မာဘက်မှာ တကယ် စတင်တော့မလားဆိုတဲ့ မေးခွန်းဟာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကလည်း တကယ်ဖြစ်လာမလား၊ မဖြစ်သေးဘူးလားဆိုတာ မရှင်းလင်းသေးတဲ့ အနေအထားတခုဖြစ်နေပါတယ်။
နယ်စပ် ဒေသခံတချို့ကတော့ တရုတ်ဘက်က လမ်းကြောင်းထိန်းချုပ်ရေးကို အဓိကထား လှုပ်ရှားနေတယ်လို့ ခန့်မှန်းနေကြပါတယ်။
“တရုတ်က BRI ပြန်စဖို့ အပြင်းအထန် ဖိအားပေး လုပ်နေပုံပဲ။ နမ့်ခမ်းကို စစ်တပ်တွေပြန်ဝင်မယ်လည်းကြားနေတာပဲ။ ရှမ်းမြောက်အရေးဟာ ပိုရှုပ်လာဦးမယ့်သဘောရှိတယ်။” လို့ နမ့်ခမ်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တရုတ်ဘက်က မိမိလိုအပ်တဲ့ လမ်းကြောင်း (strategic routes) ကို ထိန်းချုပ်နိုင်အောင် ဖိအားပေး နေတယ်လို့ ခနိ့မှန်းရတယ်လို့ သူက သုံးသပ် ပြောပြပါတယ်။ လားရှိုးပိုင်းက BRI လမ်းကြောင်းကို တရုတ်က စစ်တပ်ကို ထိန်းခိုင်းမလား၊ ကိုးကန့် MNDAA တပ်ဖွဲ့ကို ထိန်းခိုင်း မလား ဆိုတာကိုလည်း မသိနိုင်ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ရှမ်းမြောက်ဒေသမှာ လုံခြုံရေး၊ အာဏာထိန်းချုပ်ရေး ပြဿနာတွေ ဆက်လက်ရှုပ်ထွေးလာနိုင် တယ်လို့လည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲအလွန် အစိုးရသစ် ဖွဲ့စည်းပြီးနောက် ကူမင်း – ကျောက်ဖြူရထားလမ်းကိုပြန်လည်စတင်ဖို့၊ လာမယ့် မေလမှာ စတင် အကောင်အထည်ဖော်မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တရုတ်ဘက်က တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က BRI လမ်းကြောင်းပေါ်မှာ ရှိတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ တွေ့ဆုံခဲ့တယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
တကယ်တော့ BRI (Belt and Road Initiative) စီမံကိန်းတွေကို ချက်ချင်း လုပ်ဆောင်နိုင်မယ့် အခြေအနေ မဟုတ်သေးဘူးလို့ တရုတ်ဘက်ရောက်ရှိနေတဲ့ မြန်မာလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“BRI က အခုချက်ချင်းတော့ မလုပ်နိုင်သေးဘူးထင်တယ်။ ၂၀၂၈ – ၂၀၃၀ လောက်မှလို့ကြားတယ်။ မြန်မာဘက်ခြမ်းက အခြေအနေ မငြိမ်သေးဘူးလေ။” လို့ သူက ပြောပါတယ်။
တရုတ်ဘက်အတွင်းလည်း စီးပွားရေးဖိအားတွေရှိနေပြီး စီမံကိန်းတွေကို အပြင်ပန်းမှာ အမြန်လုပ်မယ့်ပုံစံ ပြသနေပေမယ့် မြေပြင်မှာတော့ အခက်အခဲများစွာ ရှိနေတာ မြင်တွေ့ရတယ်လို့လည်း ဆိုပါတယ်။
“One Belt One Road မြေပြင်မှာ တကယ် ခက်တော့ ခက်တယ်… အပြင်ပန်း ကြည့်ရင် အဆင်ပြေသလိုလိုနဲ့ အထဲမှာ နေနေတဲ့သူတွေက ပိုသိတယ်။”
တရုတ်ဘက်ခြမ်းမှာတော့ BRI ရထားလမ်း စီမံကိန်း အတော်များများပြီးစီးနေပြီ ရွှေလီ ဒေသခံ ယာဉ်မောင်း တယောက်က ပြောပါတယ်။
“တရုတ် နဲ့ မြန်မာ ရထားလမ်းကတော့ တရုတ်ဘက်ခြမ်း အကုန်ပြီးပြီလို့ သိရတယ်။ လှိုဏ်ဂူ တခုပဲ အပြီးသတ် နေတာလို့ သိရတာပဲ”
မြန်မာဘက်ခြမ်းမှာတော့ တိုက်ပွဲတွေလည်း ဖြစ်တော့ ရထားလမ်းက ဘာမှ လုပ်လို့ မရသေးတဲ့ အနေအထား တွေ့ရတယ်လို့ သူက ပြောပါတယ်။
မံစီမြို့နယ်က စိုက်ခင်းတခုမှ မြန်မာ လုပ်သားတွေကို ကြည့်ကြပ်နေသူ တယောက်က မံစီ နဲ့ ရွှေလီကြား ဟိုလားမြို့အနီးဘက် ရထားလမ်း သန့်ရှင်းရေး လုပ်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက လုပ်သားခေါ်နေတယ်လို့ ပြောပါတယ်။
“ရထားလမ်း ပေါင်းရှင်းဖို့ နေ့စားခေါ်နေတယ်။ စရိတ်ငြိမ်း တရက် ယွမ်ငွေ ၁၀၀ နဲ့ အယောက် ၂၀ လောက် မဖြစ်မနေ ရှာခိုင်းနေတာ” လို့ ပြောပါတယ်။
ဒါဟာ စီမံကိန်းအတွက် အစပြုလှုပ်ရှားမှုတချို့ ဖြစ်နိုင်ပေမယ့် အပြည့်အဝ ဆောက်လုပ်ရေး စတင်မယ့်အဆင့်ထိ မရောက်သေးဘူးလို့ ရှုမြင်ကြောင်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။
“ရထားလမ်း စီမံကိန်းက လုပ်ကို လုပ်မှာ။အခု သမ္မတကြီးကလည်း ရထားလမ်းကို ပိုစိတ်ဝင်စားတယ်။ အစီအစဉ် အကုန်ဆွဲထား ပြီးသား။ နေပြည်တော်ဘက်မှာ တချို့နေရာတွေမှာ အလံတွေတောင် စိုက်လာတာ တွေ့နေရပြီ။ အမြန်ဆုံးတော့ လုပ်မှာပဲ။ ဘယ်တော့ စ လုပ်မှာလဲ မသိဘူး။ ရထားနဲ့က ကုန်ကျ စရိတ် ပိုသက်သာလေ” နေပြည်တော်က ပို့ေဆာင်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။
BRI ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး မကြာခဏ အစည်းဝေး လုပ်တာတွေရှိပြီး အစီစဉ်ဆွဲထားပြီးသားဖြစ်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်တော့ အခြေအနေ မငြိမ်သေးတော့ ဘယ်လိုလုပ်ဖို့ ရှိသလဲတော့ မသိဘူးလို့ ဆိုပြောပါတယ်။
လက်ရှိမှာတော့ မူဆယ် – ကျယ်ဂေါင် နယ်စပ် ဝင်အထွက် ဂိတ်ဖြစ်တဲ့ နန်းတော်ဂိတ် တရုတ်ဘက်ခြမ်း ဂိတ်အထဲက နယ်စပ်ဖြတ်သန်းခွင့် စာအုပ် တံဆိပ်ထုတဲ့ နေရာ သုံးခုထဲက တခုကိုတော့ Belt and Road Channel လို့ ရေးထားတာကိုတွေ့ရပါတယ်။
မြန်မာ နယ်စပ်ကုန်သည် တယောက် ပြောတာကတော့ ” အရင်တုန်းက BRI ရထားလမ်းက ဝမ်တဝန် – ကြူကုတ် (ပန်ဆိုင်း) – နမ့်တောင်းရွာ တွေကနေ ဖြတ်ဖို့ ဆွဲထားတာလေ။ နောက်ကျတော့ ရွှေလီဘက် ပြန်ပြောင်းသွားတယ်” လို့ ပြောပါတယ်။
BRI ရထားလမ်း စီမံကိန်းကတော့ ပင်လယ်ထွက်ပေါက်လမ်းတင်မကပဲ မြန်မာနိုင်ငံက သယံဇာတ သယ်ယူနိုင်ဖို့လည်း ပါပြီး တကောင်းဘက်ကနေလည်း ဖြတ်မှာ ဖြစ်လို့ နီကယ်သယ်ယူဖို့လည်း ရည်ရွယ်တာကိုေတွ့ရတယ်”လို့ သူက ပြောပါတယ်။
တရုတ်-မြန်မာ ရထားလမ်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ပေးတဲ့ ရထားလမ်းစီမံကိန်းဖြစ်ပြီး ပန်-အာရှ မီးရထားမှ ဖောက်လုပ်နေတဲ့ စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဝီကီပီးဒီးယားမှာ ဖော်ပြထားပါတယ်။
အဲဒီ ရထားလမ်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့နဲ့ ရန်ကုန်မြို့အထိ စုစုပေါင်းအရှည် ၁,၉၂၀ ကီလိုမီတာခန့်ရှိမယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ တရုတ်နိုင်ငံက ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး တရုတ်မီးရထားမှ နှစ် (၅၀)ကြာ လည်ပတ်မည်ဖြစ်ကြောင်းလည်း ဝီကီပီးဒီးယားမှာဖော်ပြထားတဲ့ အချက် အလက်တွေအရသိရပါတယ်။
တရုတ်ဘက်မှာတော့ အဲဒီ ရထားလမ်းပိုင်း ဖြစ်တဲ့ ကူမင်း-ချူးရှုံ-တာလီ ရထားလမ်းကို ကီလိုမီတာ ၃၅၀ ရှည်လျားပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တာလီ-ရွှေလီ ရထားလမ်းကလည်း ကီလိုမီတာ ၃၄၀ ရှည်လျားပြီး တာလီ ကနေ ပေါက်ရှန်း အပိုင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ပေါက်ရှန်းကနေ ရွှေလီ အပိုင်းကို ဆက်လက်ဖောက်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ရွှေလီ-မူဆယ် ရထားလမ်းပိုင်းက တရုတ်-မြန်မာ နယ်စပ် ရထားလမ်းဖြစ်ကာ လားရှိုးမြို့အထိ ကီလိုမီတာ ၁၃၀ အရှည်ရှိမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက် မူဆယ်-မန္တလေး ရထားလမ်းက အရှည် ၄ဝ၉.၉၆ ကီလိုမီတာ ရှိမှာ ဖြစ်ပြီး တံတား ၁၂၄ စင်း၊ ဥမင်လှိုဏ်ခေါင်း ၆၀ ခု ပါဝင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဘူတာရုံတွေကတော့ မူဆယ်၊ မူဆယ်ကနေ နမ့်ခမ်းဘက်အထွက်က ပန်ခမ်းရွာ၊ မန်ဟောင်း၊ နားဖိုင်နမ့်ပင်က၊ ပန်နင်၊ ကွတ်ခိုင်၊ (၃၈ မိုင်) မန်ပြိန်း၊ Nawng Yen, Laban Pa, သိန္နီ၊ Sam Lou, Hang Lu, လရှိုးမြောက်ပိုင်း၊ လားရှိုးအနောက်ပိုင်း၊ မယ်ဟန်၊ နမ့်အွန်၊ စဉ့်အင်၊ San Lou, ကုန်းသာ၊ သီပေါ၊ သီပေါတောင်ပိုင်း၊ ချောင်းချောက်၊ ကျောက်မဲ၊ Myin Gwin, Namban Ton River, နောင်ချို၊ အုမ္မခါး၊ ဂန့်ဂေါ်၊ ပြင်ဦးလွင်၊ ဆင်ဖြူအင်း၊ စခန်းကြီး၊ တောင်ကျွန်း၊ Tok Hka Taung, မန္တလေးမအရှေ့ပိုင်း၊ မန္တလေး တောင်ပိုင်း တွေမှာ ထားရှိမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းကိုတော့ ဝီကီပီးဒီးယားမှာ ဘာမှ ဖော်ပြထားတာ မရှိသေးပါဘူး။
ဒေသတွင်း မီဒီယာတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလက ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပေးထားတဲ့ တရုတ်နိုင်ငံသား အဖွဲ့က အမ်းမြို့နယ်ထဲက စနဲ၊ မွား၊ တန်းတင် စတဲ့ ကျေးရွာအုပ်စု တွေမှာ ရှိတဲ့ ကားလမ်းတလျှောက် ရထားလမ်း ဖောက်လုပ်မယ့် နေရာတွေကို GPS နဲ့ မြေပြင်တိုင်းတာမှုတွေ လုပ်သွားကြောင်း ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ ကူမင်း – ကျောက်ဖြူ ရထားလမ်း မြန်မာဘက်ခြမ်းကို “မကြာမီ စတင်မယ်” လို့ အတည်ပြုနိုင်တဲ့ အချက်အလက် မရှိသေးပေမယ့် “မဖြစ်မနေ လုပ်မယ့် စီမံကိန်း” ဆိုတာတော့ ထင်ရှားနေပါတယ်။
စီမံကိန်း အကောင်အထည်ဖော်နိုင်မှုဟာ လုံခြုံရေး၊ နိုင်ငံရေး တည်ငြိမ်မှုနဲ့ ဒေသတွင်း အာဏာထိန်းချုပ်မှု အခြေအနေတွေ ပေါ်မူတည်နေဆဲ ဖြစ်ပါတယ်။
လာမယ့် မေလ တတိယပတ်ထဲ မြန်မာအစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်နဲ့အဖွဲ့ တရုတ်ပြည်ကိုသွားဖို့ရှိတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေကနေ သိရပါတယ်
Photo from Wikipedia
