ခုလ ပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အပါအဝင် လူ ၃၀ ​ကျော် သေဆုံးမှုရှိခဲ့

မေ ၈ ၊၂၀၂၆
GG (VOM)
မေလရဲ့ ပထမ ရက်သတ္တပတ်အတွင်း မြို့နယ်တချို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အယောက် ၃၀ ​ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ တနင်္သာရီ တိုင်းတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရှိရ ပါတယ်။
ဒီကနေ့ မေ ၇ ရက်မှာဆိုရင် ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ် ရှိ ဖွားအိမ်စုရွာမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်ထက်မနည်း သေဆုံးခဲ့သလို စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ ဝင်းမနားရွာမှာရှိတဲ့ ဆေးရုံလည်း ဗုံးကြဲခံရပြီး PDF တပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဝင်းမနားရွာက ဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေကတော့ ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေတဲ့ PDF တပ်ဖွဲ့ဝင် တွေဖြစ်တယ်လို့ သိရပါတယ် ။
“အကုန်အသက်လုပြေးရတယ် သိရတယ် ။ငါးကြိမ်တောင်ဗုံးကြဲတယ်။ သေတဲ့သူတွေထဲ စက်လှေမောင်းတဲ့သူလည်းပါတယ်။ သေတဲ့သူတွေထဲ ဗုံးစထိမှန်လို့သေတာလည်းရှိတယ်။ မီးလောင်တဲ့အထဲပါသွားတာလည်း ရှိတယ် ။ အခုက လိုင်းတွေ အဲဒီဘက်ဖြတ်ထားတော့ အဆက်အသွယ်မရဘူး ။ သေဆုံး ဒဏ်ရာရ အတိကျပြောဖို့ ခက်ပါတယ်။ ” လို့သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒီနေ့ မေ ၇ ရက်မှာပဲ ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ် နဲ့ ကျောက်တော်ကို လေကြောင်းကနေဗုံးကြဲ တိုက်မှုရှိခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး ။
မနေ့က မေ ၆ ရက်နေ့မှာက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာမှာ ဒရုန်းဗုံးတိုက်ခိုက်ခံခဲ့ရပြီး PDF-Zoland တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ခုနှစ်ယောက်အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁ ရက်နေ့ ၊ နေ့လယ်ပိုင်းကလည်း ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ရှိ ခေါပွီးချစ်ပ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ခုနစ်ယောက်‌ သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းမှာလည်း မေ ၆ ရက်က ဝက်လက်မြို့နယ်၊ စခန်းသာ (ခ) ချက်ပြဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မေ ၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ် (အနောက်မြောက်ဘက်ခြမ်း) က အုတ်ပုံကျေးရွာမှာ ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
မေ ၂ ရက်မှာက တနင်္သာရီ တိုင်း ၊ မောတောင် မြို့နယ်ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
နိုင်ငံတဝှမ်းက မတည်ငြိမ်တဲ့​ဒေသ​တွေမှာ ​လေ​ကြောင်းကတိုက်ခံရတဲ့ ဖြစ်စဥ်​တွေထဲက VOM လက်လှမ်းမီသမျှသတင်းအချက်လက်အရ တင်ပြတာမို့ ဒီထက်ပိုတဲ့ဖြစ်စဥ်​တွေ ရှိနိုင်ပါ​သေးတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW