တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကနေ တရုတ်ကားတွေနဲ့ သတ္တုတွေ အလွန်အကျွံ သယ်ယူနေ

မေ ၇၊ ၂၀၂၆
Shy V (VOM)
တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံထွက် သယံဇာတတွေနဲ့ သတ္တုတွေကို တရုတ်နိုင်ငံဘက်က ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတယ်လို့ နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ကချင်နယ်စပ် ထင်ချုန်းဘက် ကံပိုင်တီဂိတ်ကနေ မြန်မာဘက်က သယံဇာတတွေကို တရုတ်ကားတွေနဲ့ အများကြီး သယ်ယူနေတာ တွေ့နေရတယ်။ ကိုယ့်နိုင်ငံက အဖိုးတန်ပစ္စည်းတွေကို အခွန်လည်း မဆောင်ရဘဲ အလကားနီးနီး သယ်ယူနေတာ မြင်တော့ စိတ်မကောင်းဘူး” လို့ တရုတ်နယ်စပ်ရောက် မြန်မာလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ် နောင်တောင်းဂိတ်ကနေလည်း ရှမ်းမြောက်ဒေသထွက် သတ္တုတွေကို တရုတ်ကားတွေနဲ့ အလွန်အကျွံ သယ်ယူနေတာ ကြာနေပြီလို့ ဆိုပါတယ်။
“မြန်မာဘက်မှာ တိုက်ပွဲတွေ ဖြစ်တော့ တရုတ်-မြန်မာ နယ်စပ်မှာ တရားဝင်ဂိတ်တွေ မရှိတော့ဘူး။ တရုတ်ဘက်ကလည်း တရားဝင် သယ်ယူလို့ မရတော့ သူတို့ဘက်က ကုမ္ပဏီတွေကို ကြားခံထားပြီး ဝယ်ယူတဲ့ပုံစံနဲ့ လုပ်နေတာ။ သူတို့လိုချင်တဲ့ ပစ္စည်းတွေ ရအောင် ယူနေတဲ့သဘောပဲ။ အစိုးရက တိုက်ရိုက်လုပ်တာ မဟုတ်တော့ ‘ဒါ ကျွန်တော်တို့ လုပ်တာမဟုတ်ဘူး’ လို့လည်း ငြင်းလို့ရနေတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
တရားဝင် လမ်းကြောင်းမဟုတ်ဘဲ သယံဇာတတွေ သယ်ယူနေတာကို မြန်မာအစိုးရအနေနဲ့ တားဆီးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
“အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဖွင့်ပေးနေတာဟာ မြန်မာဘက်က မြေရှားသတ္တုတွေနဲ့ တခြား အဖိုးတန်သယံဇာတတွေ ရယူဖို့ ရည်ရွယ်တာလို့ မြင်တယ်” လို့ သူက ပြောပါတယ်။
ကျောက်စိမ်းကတော့ တွဲကားတွေနဲ့ တလမှာ တကြောင်း၊ နှစ်ကြောင်း သယ်ယူနေတာတွေ့ရပြီး တလကို ကားအစီးရေ ၂၀ ခန့်ရှိတယ်လို့ ကုန်တင်ကားသမား တယောက်က ပြောပါတယ်။
“ကံပိုင်တီဘက်ကနေ တရုတ်ကားတွေ သယံဇာတ သယ်ယူနေတာ ကြာပြီ။ KIA သိမ်း ကတည်းက သယ်ယူနေတော့တာလေ။ တရုတ်ကားနဲ့ပဲ” လို့ သူက ပြောပါတယ်။
“မြေရှားက ကံပိုင်တည် ဂိတ်ကနေ မသယ်ဘူး။ မြေရှားက ပန်ဝါတို့ မိုင်ဂျာယန်တို့ ကနေပေါ့” လို့ သူက ထပ်ပြောပြပါတယ်။
နမ္မတူ လမ်းကြောင်းဘက်ကနေ ချင်းရွေဟော် နယ်စပ်ဂိတ်ဘက်လည်းနေ့စဉ် တရုတ်ကား ရာချီနဲ့ သတ္တုတွေ သယ်ယူနေတာတွေ့ရပြီး သိန္နီမြို့နယ်အတွင်းက အုမ်းမလီး ဆိုတဲ့ နေရာဘက် အရင်အစိုးရရဲ့ ရေအားလျှပ်စစ် စီမံကိန်း နေရာကနေလည်း တရုတ်နိုင်ငံသားတွေ တရုတ်ကားတွေနဲ့ သတ္တုတွေ သယ်ယူနေတာ တွေတွေ့မြင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာဘက်ကနေ တရုတ်ဘက်ကို တစ်သျှူးငှက်ပျော ၁၂ ရာသီ ပုံမှန် တင်ပို့နေတာရှိပြီး တရုတ်နိုင်ငံက ကားတွေနဲ့ တိုက်ရိုက်သယ်ယူနေတာ‌ေကြာင့် မြန်မာကားတွေကတော့ အလုပ်မရတာ ကြာပြီလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အစိုးရ အသစ်က ရက် ၁၀၀ စီမံကိန်းနဲ့ တရားမဝင် ပစ္စည်းတွေကို ဖမ်းဆီး အရေးယူနေပြီလို့ နယ်စပ် လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရသိရပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW