မေ ၈၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲက မလောင်ရွာဘက်နဲ့ မှော်ဆီဇာနဲ့ ကုဋေလမ်းဆုံမှာ မေလ ၈ ရက်နေ့ နေ့ခင်းပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရကာ ထိခိုက်မှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ မနက် ၁၀ နာရီလောက်ကတော့ လုံးခင်းအုပ်စု မလောင်ရွာ အနီးနားလေးက ကုမ္ပဏီ တခုကို ကြဲသွားတယ်။ အဲဒီမှာတော့ ကုမ္ပဏီ ဝန်ထမ်း တဦး ထိခိုက်တယ်။ ဒဏ်ရာရတယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
လေကြောင်းနဲ့ နှစ်ကြိမ် မနက် ၁၀ နာရီမှာ တနေရာ၊ နေ့လယ် ၁၂ နာရီမှာ တနေရာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သူက ပြောပါတယ်။
“နေ့လယ် ၁၂ နာရီလောက်မှာတော့ လူနေ ရပ်ကွက် လုံးခင်းကျေးရွာအုပ်စု မှော်ဆီဇာကျေးရွာ အခြမ်းပေါ့နော် မှော်ဆီဇာ ကျေးရွာထဲပေါ့။ ဒါပေမယ့် ကုဋေရွာဘက်ကို အချိုး လမ်းခွဲ၊ လမ်းဆုံ နေရာမှာ ကုဋေရွာ လမ်းခွဲ လို့ခေါ်တာပေါ့ ။ အဲနားလေးမှာ လူနေ အိမ်တွေပေါ်ကို လေယာဥ် ဗုံးကြဲသွားတယ်။” လို့ သူက ထပ်မံ ပြောပြပါတယ်။
ဆင်ဖြူဝောာ် ဆီဆိုင်ရဲ့ အနောက်ဘက်က ကုန်စုံဆိုင်တဆိုင်နဲ့ အထည်ဆိုင် တွဲလျက် ဆက်တိုက် မီးလောင်နေပြီး အဲဒီ အနီးရှိ ဝပ်ရှော့ပါ ထိခိုက်ပြီး မီးလောင်နေတာတွေ့ရပြီး မီးကတော့ လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု စာရင်းတွေ မလုပ်ရသေးပေမယ့် ထိခိုက်ဒဏ်ရာရသူ သုံးယောက်ရှိကြောင်း သိရတယ်လို့ ဆိုပါတယ်။
“ဗုံးကြဲသွားတာ ကျနော်နေတဲ့ ရွာထိပ်နားမှာ။ လုံးခင်းသွားတဲ့လမ်းမှာ။ ပထမတကြိမ်က မလောင်ရွာဘက် ကြဲသွားတယ်” လို့ ဒေသခံ လူငယ် တယောက်ကပြောပါတယ်။
စစ်တပ်ဘက်က ဖားကန့်ဘက် အသည်းအသန် စစ်ကြောင်းထိုးလာနေတာကြောင့် တိုက်ပွဲက ဆက်ပြင်းထန်လာမယ့် သဘောရှိတယ်လို့ သူက ပြောပါတယ်။
“လုံးခင်းက ဒေသခံတွေက ဘယ်မှ ရှောင်လို့ မရတဲ့ အနေအထား ဖြစ်နေတာ အခုက။ လမ်းတွေလည်း ပိတ်ထားတယ်လေ။ လုံးခင်း ဒေသခံတွေက ပိတ်မိသွားပြီ” လို့ သူက ထပ်မံ ပြောပြပါတယ်။
လုံးခင်းဘက်ကိုလည်း စစ်တပ်က အင်အား ထပ်ဖြည့်နေတာပြီးတော့ ကာမိုင်း လမ်းကြောင်း ကနေ မေလ ၆ ရက်နေ့ကလည်း အင်အားဖြည့်လာသလို မေလ ၇ ရက်နေ့ညလည်း အင်အား ထပ်ရေရောက်လာပြီး ဒီနေ့ လုံးခင်းမှာ အပြည့်နေနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲက ရင်ဆိုင်တိုက်ပွဲ ကျေးရွာထဲမှာ ဖြစ်နေတဲ့ အနေအထားရှိပြီး ပြည်သူ တချို့လည်း ထွက်လို့ရတဲ့ အချိန်လေး ခဏ အပစ် နည်းနည်းငြိမ်တဲ့ အချိန်လေး ရှောင်ကြသလို တချို့လည်း ပိိတ်မိနေကာ လက်ရှိ အချိန်ထိ စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Photo Crd# MN, TLM
