တပတ်အတွင်းမှာ ထိုင်းကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်လောက် ဖမ်းဆီးခံရ

မေ ၈ ၊ ၂၀၂၆
GG (VOM)
ထိုင်းနိုင်ငံထဲက တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးကြမ်းနေပေမယ့် မြန်မာနိုင်ငံသားတွေကတော့ နယ်စပ်ကနေ တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် မေလပထမပတ်အတွင်းမှာတင် မြန်မာလုပ်သား ၁၅၀ ကျော် လောက် ဖမ်းဆီးခံခဲ့ ရတယ်လို့ သိရပါတယ်။
မေ ၇ ရက်နေ့ မှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ဖို့​ကြိုးစားခဲ့တဲ့ မြန်မာလုပ်သား ၁၁၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေဟာ ပစ်ကပ်ကား ၁၀ စီးနဲ့လိုက်ပါလာ ပြီး ထိုင်းနိုင်ငံ၊ ဖိစ်စုနုလုခ်ခရိုင်၊ ဖရုမ်ဖီယမ်မြို့နယ်၊ အမှတ် ၁၁ လမ်းမကြီးပေါ်မှာ မောင်းနှင်လာချိန်မှာ ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကားတန်းနဲ့ကို ဝင်လာတာလို့သိရတယ်။ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့ကိုမြင်တော့ ကားပြန်လှည့်ပြီး တောတွေထဲမောင်းပြေးလို့ တညလုံးလိုက်ဖမ်းတာ ၁၀၀ ကျော်မိသွားတယ်။ ဘယ်လိုလမ်းကြောင်းတွေရှိလို့များသူတို့က ကားတန်းနဲ့ဝင်လာရဲတယ်ဆိုတာ စဥ်းစားမရဘူး ။ ထိုင်းမှာရှိနေတဲ့ တရားမဝင်တွေတောင် ဖမ်းဆီးကြမ်းနေတာကို ခိုးလမ်းကနေ ဘာလို့ ဝင်လာကြတာလဲ ။ ခုကာလ ဝင်မလာကြဖို့ ပြောချင်တယ်။ဝင်လာလို့ မိသွားရင် အဖမ်းခံရမယ်။ငွေလည်းဆုံးမယ် ။ ပြန်ပို့ခံရမယ် ။အရဲမကိုးကြပါနဲ့ ” လို့ အလုပ်သမား ဆောင်ရွက်နေသူတယောက်က ပြောပါတယ် ။
မေ ၆ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ၊ မဲဆောက် မြို့နယ် အတွင်း တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ မေ ၄ ရက်နေ့မှာလည်း တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ထဲကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ ၁၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲပါတယ်။
မေ ၃ ရက်မှာလည်း ၊ ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင် အတွင်း အာရှလမ်းမကြီးမှာ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစီးဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ကိုးယောက် ဖမ်းခံခဲ့ရပါတယ်။
အဆိုပါ တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာ အလုပ်လုပ်ခွင့်ရရှိဖို့အတွက် ပွဲစားကို ထိုင်းဘတ် ၁၀၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းမှာ တရားမဝင် ဝင်ရောက်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးမှုကြမ်းပေမယ့်လည်း မြန်မာနိုင်ငံကတော့ နယ်စပ်လမ်းကနေ တရားမဝင် ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေ အများအပြားရှိနေတာကို စုံစမ်းသိရှိရပါတယ်။
” ကျွန်မအမျိုးသား က ထိုင်းမှာရောက်တာ ခုနှစ်လလောက်ရှိပြီ ။ နယ်စပ်ကပဲသွားတာ ။ အခုသူကလှမ်းခေါ်လို့ လိုက်သွားရမှာ သုံးယောက်ရှိတယ်။ သူတို့တော့ အဆင်ပြေနေတယ် ။ အလုပ်ကလည်း မပင်ပန်းဘူးပြောတယ် ။ ဒါကြောင့် လိုက်သွားမှာပါ ။ ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေ နဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက အဖမ်းဆီးကြမ်းနေသလို ဧည့်စာရင်းမတိုင်သူတွေကိုလည်း နယ်ကျော်သွားလာခွင့် ကန့်သတ်မှုရှိနေတယ်လို့သိရပါတယ်။
အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်းမှာ နယ်စပ်ဖြတ်ကျော်ကနေ တရားမဝင် ဝင်ရောက်ခဲ့တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၅ ခုနှစ်ကလည်း အထောက်အထားမဲ့ မြန်မာလုပ်သား ၂၅၀၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေ က ဖမ်းဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ထိုင်းအာဏာပိုင်

Related posts

Leave a Comment

VOM News

FREE
VIEW