မေ ၈ – ၂၀၂၆
SS (VOM)
နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ဖို့အတွက် စက်သုံးဆီချွေတာရေး စီမံချက်ဖြစ်တဲ့ စုံ/မ စနစ်၊ QR စနစ်တွေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ လိုအပ်ချက်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အထိ အသုံးပြုနေရတာဟာ နိုင်ငံခြားငွေ အရန်ငွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်သုံးဆီချွေတာရေး စီမံချက်တွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူတယောက်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ဓာတ်ဆီ၊ ဒီဇယ်နဲ့ LPG ၉၇ ရာခိုင်နှုန်းကို ပြည်ပကနေ ဝယ်ယူနေရတာဖြစ်တယ်။ လောင်စာဆီ တင်သွင်းနိုင်ဖို့ကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလီယံ သုံးခဲ့ရတယ်။ နောက်ပိုင်းနှစ်တွေမှာ ကန်ဒေါ်လာ ၅ ဘီလီယံကျော်အထိ အသုံးပြုလာရတယ်။ ဆိုတော့ လက်ရှိ ဆီဆိုင်တွေမှာ ဝယ်ယူရတာ အခက်အခဲ မရှိတော့ပေမယ့် နိုင်ငံခြားငွေ အကျပ်အတည်းက ရှိနေတာဖြစ်တဲ့အတွက် စက်သုံးဆီတွေကို စနစ်တကျ ထိန်းကျောင်းသုံးစွဲဖို့၊ ချွေတာကြဖို့ နိုင်ငံတော် အကြီးအကဲက ညွှန်ကြားထားတာ ရှိပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အိမ်စီးကားတွေကို စုံ/မ စနစ်၊ ကုန်ကား၊ တက္ကစီ၊ သုံးဘီးယာဉ်တွေကို ခရီးအကွာအဝေးပေါ် မူတည်ပြီး ခွဲတမ်းစနစ်နဲ့ ရောင်းချပေးလျက်ရှိကာ အဲဒီလို ချွေတာတဲ့အတွက် တနှစ်ကို ကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သက်သာစေနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သူက ပြောပါတယ်။
စုံ/မ စနစ် ဆက်လက် ကျင့်သုံးမှာနဲ့ပတ်သက်လို့ ယာဉ်မောင်းတယောက်က “အခုဟာက စုံ/မ စနစ်နဲ့ QR စနစ်နဲ့ဆီပေးတာက ပြဿနာမရှိဘူး။ ဆီကို စနစ်တကျ ရောင်းချတာ အများအတွက် ကောင်းပါတယ်။ လမ်းပေါ်ကို စုံ/မ မထွက်ရဆိုတာကိုပဲ ပယ်ဖျက်ပေးစေချင်တာ။ ပြည်သူကို သက်သက် ဒုက္ခပေးနေသလို ဖြစ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ။ ကိုယ့်ကားနဲ့ကိုယ် အပြင်သွားချင်တာတောင် သွားချင်တဲ့ရက် သွားလို့မရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒါအပြင် ပြည်သူ တယောက်ကလည်း စက်သုံးဆီကို ထိန်းချုပ်တာ အောင်မြင်ပြီဆိုရင်တော့ စုံ/မ ရက်ခွဲပြီး လမ်းပေါ်ထွက်ရမယ့် စနစ်ကို ပယ်ဖျက်ပေးသင့်ပြီး ဒီစနစ်က အရောင်းအဝယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။
နောက်ထပ် ပြည်သူ တယောက်ကလည်း “ဆီမထုတ်ရင် ပြီးတာပဲမဟုတ်လား။ ဒါကြောင့် သွားရေးလာရေး ခက်အောင်တာ့ မလုပ်ကြစေချင်ဘူး။ မကြာခင် ကျောင်းဖွင့်ရာသီလည်း ရောက်တော့မယ်။ နေ့စဉ် ကျောင်း ကြို/ပို့ရမယ့် မိဘတွေအတွက် ဒီစနစ်က အဟန့်အတား ဖြစ်နေတယ်။ ဒီရက်တွေမှာ အရေးပေါ် သွားရလာရတဲ့ သူတွေအတွက်ကလည်း လမ်းမှာ အဖမ်းခံရ၊ ဒဏ်ကြေးဆောင်ရနဲ့ မလိုအပ်ဘဲ အချိန်ကုန်၊ ငွေကုန် ဖြစ်နေကြရတယ်။ ဒီစနစ်က လိုကို မလိုအပ်တော့တာပါ” လို့ ပြောပါတယ်။
ဒါကြောင့် စုံ/မရက်ခွဲပြီး လမ်းပေါ်ထွက်ရတဲ့ စနစ်ကို ကျောင်းဖွင့်ရာသီအမီ ပယ်ဖျက်ပေးစေချင်ပြီး မိုးရာသီက ရေကြီး၊ မိုးများရက်တွေ ရှိနေတာကြောင့် ခက်ခဲတဲ့ ရာသီအချိန်မှာ စုံ/မ စနစ် ရှိနေပါက ပြည်သူတွေအတွက် အခက်အခဲတွေ ပိုများလာနိုင်တယ်လို့ သူက ပြောပါတယ်။
Photo – CJ
