PL(VOM)
မေ ၁၅-၂၀၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာတွေအတွက် ရွေးချယ်ခန့်အပ်ရေးလုပ်ငန်းစဉ်တွေကို မေလအတွင်း အပြီးသတ်ဆောင်ရွက်သွားမယ့်အကြောင်း မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်မှာ ရပ်ကွက်စုစုပေါင်း (၃၅) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၆) အုပ်စုရှိတဲ့အနက် ပခုက္ကူမြို့ပေါ်ရှိ ရပ်ကွက် (၁၅) ခုက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ပြည်သူ့ဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်တဲ့စနစ်ဖြင့် ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် နယ်မြေအေးချမ်းမှုမရှိတဲ့နေရာဒေသတွေကို လုံခြုံရေးအခြေအနေအရ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုက်ရိုက်ခန့်အပ်တာမျိုးလုပ်မယ်လို့ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုးက ပြောပါတယ်။
မဲစနစ်နဲ့ ရွေးချယ်မယ့် ရပ်ကွက်တွေမှာ ပထမအနေနဲ့ ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖတွေထဲက ကြီးကြပ်ရေးကော်မတီဝင် (၅) ဦးကို စိစစ်ရွေးချယ်ပြီးနောက် ကြီးကြပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ လမ်းအလိုက် တာဝန်ယူမယ့် ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးမတွေကို ဥပဒေနှင့်အညီ ဆက်လက်စိစစ် ရွေးချယ်သွားမယ်လို့သိရပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးယန္တရားအတွက် အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာတော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ရာအိမ်မှူးတွေထဲကနေ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆိုပြုခံရသူတွေကို ရပ်ကွက်နေပြည်သူတွေက မဲခွဲဆုံးဖြတ် ရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။
အဲလို မဲပေးရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေရေးနဲ့ ကိုယ်စားပြုမှု မှန်ကန်စေရေးအတွက် အိမ်ထောင်စုတစုကို အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁) ဦးကသာ မိသားစုကို ကိုယ်စားပြုပြီး ဆန္ဒမဲပေး ရွေးချယ်ရမယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်အတွင်းမှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု စုစုပေါင်း ၉၁စုဖြစ်ပြီး ပခုက္ကူမြို့ပေါ် ၁၅ရပ်ကွက်နဲ့ ကံမ ၁၂ရပ်ကွက်၊ မြစ်ခြေ ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၆အုပ်စုရှိပါတယ်။
