မေ ၂၄ – ၂၀၂၆
SN (VOM)
အစိုးရတပ် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ မနေ့ မေ ၂၃ ရက်၊ ညနေပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ဒေသခံတချို့ ထိတ်လန့်ပြီး ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ကသာမြို့အစွန်က ရပ်ကွက်တွေဖြစ်တဲ့ မိဿလင်း၊ စေတီကုန်း၊ ရပ်ကွက် (၅) အရှေ့ကုန်း အစရှိတဲ့ နေရာတွေက ဒေသခံတွေဟာ ကားကြီး၊ ကားငယ်တွေ၊ သုံးဘီးတွေ၊ ဆိုက္ကားတွေ အသုံးပြုကာ ပြောင်းရွှေ့နေကြတာဖြစ်ပြီး တဖန်ပြန်ပြီး တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မနေ့ ညနေ ၄ နာရီလောက်က လက်နက်ကြီးနဲ့ တချက်၊ နှစ်ချက်လောက်ပစ်တယ်။ အဲဒီလို ပစ်လိုက်တဲ့အတွက် ဒီနေ့မနက်မှာ ကသာမြို့နယ် အစွန်းနားက ရပ်ကွက်တွေက လူတွေက ကြောက်လန့်ပြီး ရွှေ့ပြောင်းနေကြတာ။ လူတွေအများကြီး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ကသာမြို့ကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ပြန်လည် ထိန်းချုပ်ထားတာ ဖြစ်ပေမယ့် ဒေသတွင်း လက်နက်ကိုင်တပ်တွေ ကျန်ရှိနေသေးတဲ့ မြို့ရဲ့အနီးတဝိုက်ရှိ ကျေးရွာတချို့မှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ကသာဒေသခံတွေအတွက် လက်ရှိအချိန်အထိ လုံခြုံရေးအခြေအနေ စိုးရိမ်နေရဆဲဖြစ်ပြီး အလုံးစုံ တည်ငြိမ်အေးချမ်းမှု မရရှိသေးတာကြောင့် ဒေသတွင်း သွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုတွေ အလွန်ခက်ခဲလျက်ရှိတယ်လို့ သိရပါတယ်။
“လုံခြုံရေးအတွက်က စိတ်ချရတဲ့အနေအထားကို မရောက်သေးဘူး။ စစ်ရေး တင်းမာနေတဲ့ အခြေအနေဆိုတော့ သွားလို့လာလို့ မကောင်းသေးဘူး။ တဖက်က နယ်မြေစိုးမိုးထားတဲ့ နေရာတွေ ရှိနေသေးတာကိုး။ စစ်ရေးအခြေအနေအရ အသွားအလာ ကန့်သတ်ထားတဲ့ နေရာတွေလည်း ရှိနေသေးတယ်။ ဒါကြောင့် အလုပ်အကိုင်အတွက် ခက်ခဲနေကြတုန်းပါပဲ။ အဲဒီတော့ ဝင်ငွေရလမ်း မရှိကြဘူးပေါ့။ ကိုယ့်မှာရှိတဲ့ ပစ္စည်းလေးတွေ ရောင်းချပြီး ဝမ်းရေးကို ဖြေရှင်းနေကြရတာပါ” လို့ ဒေသခံက ပြောပါတယ်။
အစိုးရတပ်တွေဟာ ကသာမြို့ကို ရယူပြီးနောက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတာမှာ မေ ၁၈ ရက်နေ့မှာ တယ်လီနောဖုန်းလိုင်း၊ မေ ၂၁ ရက်မှာ MPT ဖုန်းလိုင်း ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးထားပေမယ့် ဒီကနေ့အထိ ဖုန်းလိုင်းအခြေအနေတွေ အဆင်ပြေ ကောင်းမွန်မှု မရှိသေးတဲ့အတွက် ဒေသခံအများစုဟာ MEC ကမ်းရိုးတန်း ဆက်သွယ်ရေးဖုန်းလိုင်းကိုသာ အားထားနေရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အစိုးရဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရတနာဘဏ်တို့ရှိတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်က အစိုးရဘဏ်ကို ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီဖြစ်သလို ပင်စင်လစာတွေကိုလည်း ထုတ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့မှာ ဘဏ်တွေပိတ်ထားတာဟာ ငါးနှစ်ဝန်းကျင်လောက် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ အစိုးရဘဏ်တခုသာ လုပ်ငန်း လည်ပတ်နိုင်သေးတာကြောင့် ကျန်ရှိနေတဲ့ ပုဂ္ဂလိကဘဏ်တွေ ထပ်မံ ဖွင့်လှစ်နိုင်ပါက မြို့အတွက် ကုန်စည်စီးဆင်းမှုတွေ ကောင်းမွန်လာနိုင်ကာ ကျေးလက်ဒေသ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု ပိုပြီး မြန်ဆန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော အခြေအနေမှာတော့ နယ်မြေအေးချမ်းမှု မရှိသေးတဲ့အတွက် လူမှုဘဝ ကျဆင်းနေဆဲဖြစ်တာကြောင့် လက်ရှိ အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းဆောင်ရွက်မှုမှာ ကသာမြို့နယ်ပါ ပါဝင်လာနိုင်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
Photo – CJ
