ချင်းပြည်နယ်တောင်ပိုင်းကို လေကြောင်းဆက်တိုက်ဗုံးကြဲ​နေ၊ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅၀ နီးပါးအထိရှိခဲ့

မေ ၂၄ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို အစိုးရတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတယ်လို့ စုံစသိရပါတယ် ။
ချင်းတောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက် ၊မင်းတပ် ၊ မတူပီမြို့တွေကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် စစ်အင်အား ထောင်နဲ့ချီပြီး မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ် ။
ဒီကနေ့ မေ ၂၄ ရက်နေ့ မနက်ပိုင်း ၉ နာရီကနေ ၁၀ နာရီအတွင်းမှာပင် မတူပီမြို့နယ် ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကန်ပက်လက်မြို့နယ်မှာလည်း မနက်အစော ၁ နာရီလောက်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ရှိခဲ့ပြီး မနက် ၉ နာရီကျော်လောက်မှာ တကြိမ် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ တယ်လို့ သိရပါတယ်။
” ဒီနေ့ မတူပီကို လေယာဥ်နဲ့ ၁၀ ကြိမ်လာကြဲသွားတယ်။ ထိခိုက်မှုအခြေအနေကတော့ ဘာမှမသိရသေးဘူး ။ ကန်ပက်လက်လည်း ကြဲခံရတယ်။ အခြေအနေတွေက တနေ့ထက်တနေ့ပို ပြင်းထန်လာနေတယ်။ အခု စစ်ကြောင်းက ကန်ပက်လက်မြို့ အနီးကိုရောက်လာနေပြီသိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
လက်ရှိမှာ ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မြို့တွေကို လက်မလွှတ်ရရေးအတွက် အစိုးရစစ်တပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ခုခံကာကွယ်နေရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။
” အခုက စစ်တပ်က တဖန်ပြန်ပြီး ထိုးစစ်ဆင်လာနေတာဆိုတော့ မြို့သိမ်းထားတဲ့အဖွဲ့တွေက မြို့မပါရေးကို ကာကွယ်နေရတာ ။ ခုခံကာကွယ်နေတဲ့ကြားကပဲ စစ်တပ်က ရှေ့ဆက်တိုးလာနိုင်နေတာလည်း တွေ့ရတယ်။ အင်အားတော်တော်များများသုံးပြီး ထိုးစစ်ဆင်နေတာ ။ လေကြောင်းကလည်း ရှင်းပေးနေတယ်ဆိုတော့ ချင်းတပ်ဖွဲ့တွေဘက်က တော်တော်လေး ခုခံနေရတဲ့ သဘောရှိနေတယ် ။ မြေပြင်အခြေအနေအတိကျကတော့ သက်ဆိုင်ရာအဖွဲ့တွေထုတ်ပြန်မှသာ သိရမယ့် အခြေအနေပါ ။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
မင်းတပ်မြို့ကို မေလ ၁၁ ရက်နေ့ကနေ မေလ ၂၂ ရက်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်အထိရှိခဲ့ပြီး ကန်ပက်လက်မြို့မှာ မေလ ၁၆ ရက်ကနေ မေလ၂၄ ရက်နေ့အထိကို လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်နဲ့ မတူပီမြို့မှာတော့ မေလ ၁၉ ရက်ကနေ မေလ ၂၄ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး CPU ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နှစ်ပတ်အတွင်းမှာ ချင်းတောင်ပိုင်းကမြို့ နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု ၅၀ နီးပါးရှိခဲ့ပြီး လူနှစ်ယောက်သေဆုံးကာ အိမ် ၊ ဆိုင်ခန်း အပါအဝင် အဆောက်အဦတွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ချင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကန်ပက်လက် ၊ မတူပီ ၊ မင်းတပ်မြို့နယ်ထဲက ဒေသခံတွေဟာ တောထဲကို တိမ်းရှောင်နေကြရပြီး အကူအညီအထောက်အပံ့တွေလည်း မရရှိနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
လက်ရှိမှာ ကန်ပက်လက်မြို့နယ်ကို အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မြို့နဲ့အန်းဆုံး အမှတ် ၅ ဒေသ ကန်းလောင်း နဲ့ အညာကတင်းလမ်းပိုင်းကို လုံခြုံရေး အရ ဘယ်သူမှ သွားလာခြင်းမလုပ်ဖို့ အမှတ်-၅ ဒေသပြည်သူ့အုပ်ချုပ်ရေး – သတင်းထုတ်ပြန်ရေးအဖွဲ့ ကန်ပက်လက်မြို့နယ်က အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ် ။
ဒေသခံတွေအနေနဲ့ သတင်းတွေကို နားစွင့်ပြီး ဗုံးခိုကျင်း ၊ကတုတ်ကျင်းထဲနေကြဖို့ ၊ မရှိသေးသူတွေကလည်း ဗုံးခိုကျင်းနဲ့ကတုတ်ကျင်းတွေတူးထားကြဖို့လည်း အသိပေးထားတာတွေ့ရပါတယ်။
ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ကို ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မတူပီမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇွန်လမှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW