မေ ၂၃ – ၂၀၂၆
SS (VOM)
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တိုက်ပွဲ ဖော်ဆောင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေက မော်လူးလမ်းပိုင်း သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။
“ကားတွေ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိနေတာ သုံးရက် ကြာသွားပြီ။ ပါလာတဲ့ စားစရာတွေက ရှိတဲ့လူလည်း ရှိသေးသလို မရှိတဲ့လူလည်း မရှိတော့ဘူး။ လမ်းစရိတ်တွေလည်း ကုန်ပြီ။ နောက် ဘယ်နှစ်ရက်လောက် နေရဦးမယ်မသိဘူး။ အားလုံး ဒုက္ခရောက်နေကြရတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နဲ့ မော်လူးမြို့တို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေပါ ရှိနေတဲ့အတွက် မော်လူးလမ်းပိုင်းအတွင်း ပိတ်မိနေတဲ့ ခရီးသွားတွေအနေနဲ့ လုံခြုံရေးအခြေအနေ အထူး စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလမှစတင်ကာ အဲဒီလမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နဲ့ မော်လူးမြို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့မှာ အင်းတော်မြို့၊ မေ ၅ ရက်နေ့မှာ မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မေ ၂၁ ရက်နေ့ကလည်း မန္တလေး – မြစ်ကြီးနားလမ်း မော်လူးမြို့နဲ့ နမ့်စီးအောင်ကြားရှိ စီပိန်းကျေးရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အဲဒီ ကျေးရွာရှိ အစိုးရတပ်ရဲ့ စစ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မေ ၂၁ ရက်နေ့၊ ညနေပိုင်းက ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းနဲ့ မော်လူးမြို့အနီးရှိ ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး မနေ့ မေ ၂၂ ရက်ကလည်း မနက် ၉ နာရီကျော်ဝန်းကျင်ကစပြီး အင်းတော်မြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အင်းတော်၊ မော်လူးအပြင် ကသာမြို့ကိုပါ ရောက်ရှိလာနိုင်တာကြောင့် ကသာမြို့ပေါ်နဲ့ အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပြီး မြို့ပေါ်မှာ လေယာဉ်တွေ မကြာခဏဆိုသလို ဝဲနေတဲ့အတွက် လေကြောင်းရန်ကိုပါ အထူး သတိထားနေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
“မနေ့ကတော့ အင်းတော်၊ မဲဇာဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားတယ်။ တိုက်ပွဲက အင်းတော်ကနေ ကသာဘက် ရောက်မလာနိုင်ဘူးလို့တော့ ကံသေကံမ ပြောလို့မရဘူးပေါ့။ အခုထိလည်း ရွာဘက်တွေမှာ တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်။ ညတုန်းကလည်း တညလုံး ပစ်ခတ်သံတွေ ကြားနေရတာ၊ ဘယ်ရွာတွေ တိုက်ပွဲဖြစ်နေလဲတော့ မသိဘူး။ အခု နေ့လယ်လည်း Y-12 တွေလာတာတွေ့တယ်။ ဘယ်ရွာတွေ ချနေလဲတော့မသိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဒေသဘက်က ကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ တည်ရှိတာကြောင့် မြို့ပေါ်နဲ့ ကျေးရွာအချင်းချင်း စက်လှေတွေ၊ မော်တော်တွေ အသုံးပြုကာ ဈေးရောင်း၊ ဈေးဝယ် သွားလာကြရတာဖြစ်ပြီး လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရေလမ်းကြောင်းတွေလည်း ပိတ်ခံထားရတဲ့အတွက် သွားလာရေး အခက်တွေ့နေရတယ်လို့ သူက ပြောပါတယ်။
“ကသာဘက်က ကျေးရွာတချို့မှာက ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနေသေးတယ်။ ဒါကြောင့် သူတို့ ရှိနေတဲ့နေရာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာ။ တိုက်ပွဲက မြို့ပေါ်မှာသာ မဖြစ်တော့တာ။ လက်နက်ကိုင်တပ်တွေ ရှိနေတဲ့ ရွာတွေဘက်မှာတော့ အခုအချိန်အထိ တိုက်ပွဲဆက်ဖြစ်နေသေးတယ်” လို့ သူက ပြောပါတယ်။
ကသာမြို့ကို အစိုးရတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ပြန်လည် ထိန်းချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတာမှာ မနေ့ မေ ၂၂ ရက်က အစိုးရဘဏ်ကိုဖွင့်လှစ်ပြီး ဘဏ်နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီဖြစ်သလို ပင်စင်လစာတွေကိုလည်း ထုတ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ပင်စင်လစာ သုံးလစာ၊ ငါးလစာနဲ့ ခြောက်လစာ ကျန်ရှိနေသူတွေကို လစာချက်ချင်း ထုတ်ပေးနေတာဖြစ်ပြီး တနှစ်ကျော်သွားတဲ့ သူတွေကတော့ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ပင်စင်လစာကို ပြန်လည် လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့မှာ အစိုးရဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရတနာဘဏ်တို့ရှိပြီး လက်ရှိမှာ အစိုးရဘဏ်တခုသာ လုပ်ငန်း လည်ပတ်နိုင်သေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကသာမြို့မှာ MPT ဆက်သွယ်ရေး ဖုန်းလိုင်းကို ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့၊ မနက် ၉ နာရီကျော်က ပြန်ဖွင့်ပေးခဲ့သလို မေ ၁၈ ရက်၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်ဝန်းကျင်ကစပြီး တယ်လီနောဖုန်းလိုင်းတွေလည်း ပြန်လည် ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
