သူတို့အိမ် အခန်း (၁၂၀)

ဆူးငှက်

စာမူ ခွင့်ပြုမိန့်ရပြီတဲ့
—————————-

၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၊ု ထိုနေ့တွင် စာပေဗိမာန်သို့ ထပ်မံသွားရောက်စုံစမ်းတော့ လာမည့် တနင်္လာနေ့တွင် စာပေစိစစ်ရေးရုံးသို့ စာမူခွင့်ပြုချက် လာရောက် ထုတ်ယူပါ ဟူသော သတင်းကို ကြားသိရသည်။ ထို့ကြောင့် ဦးဇော်ဝင်းက အပြန်တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်သို့ ဝင်ပြီး တနင်္လာနေ့ထွက်မည့် သတင်းစာတွင် ထည့်သွင်းရန် အတွက် စာအုပ်ကြော်ငြာ အပ်ခဲ့သည်။ သို့သော် တနင်္လာနေ့ မရ၊ အင်္ဂါနေ့မှ ရမည်တဲ့။ အင်္ဂါနေ့က အင်္ဂလိပ်နှစ်ဆန်း ၁ရက်နေ့လေ။ ပိုကောင်းတာပေါ့ ဟု ဆိုကာ ဦးဇော်ဝင်းက ကြော်ငြာ စာသားရေးပေးခဲ့သည်။
ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)၊ ဒေါ်သြဘာသောင်း ကြီးကြပ်မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ကဗျာလွတ်ကကြိုး ၁၂၅မျိုးကို မှတ်တမ်းတင်ခဲ့သူ “ခင်ဝင်းနွယ်” ၏ ကြိုးပမ်းချက်။ ၇နှစ်နီးပါးမျှ အခက်အခဲများကို ကျော်ဖြတ်၍ ရေးသားခဲ့ရသော စာရေးဆရာ “ဇော်ပုလဲ” ၏ တိကျသော လက်ရာမွန်။ မောင်ဝင်းမောင်၏ ကကြိုးတိုင်းတွင် ကနည်း လှုပ်ရှားမှု သရုပ်ဖော်ပုံပေါင်း များစွာနှင့် ကျော်ဝင်း(လှဂုဏ်ရည်) ၏ ဓာတ်ပုံများပါ ပေါင်းစပ်ထားသည့် သရုပ်မြင်ဖွဲ့စည်းမှု။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ လူထုဒေါ်အမာ နှင့် ဝင်းတင် စသည့် စာပေပညာရှင်ကြီးများ၏ အနုပညာ အမှာ အဖွင့် နိဒါန်း အဆင့်ဆင့်နှင့်အတူ။ အလှကို ဖန်ဆင်းထားသည့်“အကနည်းပြ” စာအုပ် ထွက်တော့မည်၊ ငွေလဝန်းစာပေ စာဗူး ၁၃၅၇ – ဗဟိုစာတိုက်ကြီး ဟူသော စာသားဖြစ်သည်။ ကြော်ငြာခက ၂လက်မခွဲ× ၂ကော်လံအတွက် ၅၀၀ကျပ် ကျသင့်ခဲ့သည်။

စိတ်အေး လက်အေးမို့ ဘုရားဖူး လျှောက်လည်
————————————————–

နောက်ရက် စနေတနင်္ဂနွေနေ့တွေမှာ ဦးဇော်ဝင်း၏ ပင်မအလုပ်ဖြစ်သော ကဗျာလွတ်စာမူကလည်း စာပေစိစစ်ရေးက ခွင့်ပြုချက်ရပြီမို့ စိတ်လက်ပေါ့ပါးကာ ရွှေတိဂုံဘုရားသို့ စိမ်ပြေနပြေ သွားရောက် ဖူးမြော်ကြ၏။ ထို့နောက် ဦးဇော်ဝင်းက ထိုစဉ်က ခေတ်စားနေသည့် ကန်တော်ကြီး ကရဝိက်ခန်းမသို့ သွားမလားဟု မေးသည်။ ကျွန်တော်က ကရဝိက်ခန်းမကို ဓာတ်ပုံပဲ မြင်ဖူးသည်။ အပြင်မှာလည်း မြင်ဖူးချင်သည်။ သို့သော် ထိုစဉ်က ကရဝိက်ခန်းမဆိုသည်မှာ လူ့အထက်တန်းလွှာများသာ သွားရောက်နိုင်သည့် နေရာဖြစ်သည်။ အထူးသဖြင့် ကရဝိက် ရေခဲမုန့် ဆိုသည်ကလည်း ရန်ကုန်အထက်တန်းစား များ၏ လူရာဝင် အစားအသောက်လည်း ဖြစ်၏။ သို့သော် ကျွန်တော်က ကရဝိက်ခန်းမကို စတင် ဆောက်လုပ်စဉ်ကတည်းက ကျွန်တော် စိတ်ဝင်စားသည်။ ကရဝိက်ဦးခေါင်းပိုင်းကို ကွန်ကရစ်ထည်နှင့် ပုံလောင်းသည့် အကြောင်း၊ ပြာသာဒ်နှင့် အပြောက်အမွှန်းများကိုလည်း ကွန်ကရစ် ပုံလောင်းမည့် အကြောင်းများကို တည်ဆောက်နေစဉ်ကတည်းက စိတ်ဝင်စားသည်။

ကရဝိက်ခန်းမ မြင်ဖူးချင်လို့
——————————-

ထို့ပြင် ကရဝိက်ကို ဦးဆောင်တည်ဆောက်သူက မြန်မာဗိသုကာ ဦးငွေလှိုင်ဟု သိရတော့လည်း ပိုမို စိတ်ဝင်းစားသည်။ ဦးငွေလှိုင်က မြန်မာမှု ဗိသုကာနှင့် မြန်မာမှုပညာရှင် ဆရာဆိုင်၏ သားဖြစ်သည်။ ထို့ပြင် ဦးငွေလှိုင်ကို ကျွန်တော်တို့ ဝင်းပိုင်ရှင် ဦးလေးသောင်၏ တိုက်ကို ကြီးကြပ်ဆောက်စဉ်ကတည်းက တိုက်ပုံကြီးဖို့ရိုဖားလျား လွယ်အိတ်ကြီး တကားကားနှင့် နေ့တိုင်းတွေ့ဖူးနေလို့ဖြစ်သည်။ ကရဝိက်ခန်းမသည် ရန်ကုန် ကန်တော်ကြီး၏ အရှေ့ဘက်ကမ်းနားတွင် တည်ရှိသည်။ ၎င်းကရဝိက်ခန်းမကို ဗိသုကာပညာရှင် ဦးငွေလှိုင် က တော်ဝင်ပြည်ကြီးမွန် ဖောင်အား အခြေခံ၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လတွင် စတင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ ဤကရဝိက်ခန်းမသည် ကွန်ကရစ် နှစ်ထပ် အမျိုးအစားဖြစ်ပြီး သံချောင်းများဖြင့် ပိုမိုခိုင်ခံ့အောင် ပြုလုပကာ အမိုးကိုပြာသာဒ် အမိုးဖြင့် တည်ဆောက် ထားသည်။

တကယ်တမ်း ကန်တော်ကြီး ကရဝိက်ခန်းမရောက်တော့ မဝင်ဖြစ်ဘဲ အပြင်ကပဲ ကြည့်ဖြစ်သည်။ ဝင်ကြေးနှင့် ဝင်ရမည်ဆို၍ တကူးတကန့်မို့ မဝင်ဖြစ်တော့။ ရေခဲမုန့်လည်း မစားဖြစ်တော့။ အမှတ်တရအနေနှင့် ကရဝိက်ခန်းမပုံ ပါသော ပို့စကတ်လေးပဲ ဝယ်ခဲ့သည်။ ထို့နောက် မရောက်မဖြစ် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ခဲ့တာပေါ့။ ရန်ကုန် မရောက်ခင်က ရောက်ဖူးချင်နေသော သမ္မတရုပ်ရှင်ရုံကိုတော့ ရုံရှေ့ကို အခေါက်ခေါက် ဖြတ်သန်းနေသော်လည်း ရုပ်ရှင်တော့ ဝင်မကြည့်ဖြစ်ပေ။ ရုပ်ရှင်ပြသခါနီး လက်မှတ်ပေါက်တွင် ကျိတ်ကျိတ်တိုးနေကြသော ရန်ကုန် ပရိသတ်ကြားမှာ ဝင်မတိုးရဲတာလည်း ပါသည်။ ဦးဇော်ဝင်းရော ကျွန်တော်ရော ရုပ်ရှင်ကို မက်မက်မောမော မရှိခဲ့လို့လည်း ဖြစ်သည်။

လမ်းမတော် မော်တင်၇လမ်းက အမျိုးတွေ
———————————————-

ရန်ကုန်မှာ မိဘများနှင့် တဏ်ရွာတည်းသား အမျိုးများရှိသည်။ ကြီးဒေါ်သွယ်ဆိုတာက အမျိုးရင်းကြီး ဖြစ်သည်။ အမေနှင့် ညီအစ်မဝမ်းကွဲတော်သည်။ ကြီးဒေါ်သွယ်တို့က လမ်းမတော် မော်တင် ၇လမ်းမှာ နေကြသည်။ ၇လမ်းမှာက သဖန်းမျိုးတွေ တစ်စုတည်း နေထိုင်ကြ၏။ သူတို့က မုန့်ဟင်းခါး ရောင်းကြသည်။ ကြီးဒေါ်သွယ်မှာ သားကြီးက ကိုသာရင်တဲ့၊ ကိုသာရင်း တစ်ရွာတည်းသူ မညွန့်မေနှင့် အကြောင်းပါသည်။နောက် အမျိုးတစ်ဦးက ဦးအောင်ထွေး ဒေါ်ပုတဲ့။ သူ့သားသမီးတွေက ကိုညိုတဲ့၊ ကိုညိုဆိုသည့်အတိုင်း အသားညိုညို မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ဖြစ်သည်။ ကိုညိုက ဘောလုံသမား၊ ကျွန်တော် အမှတ် မမှားဘူးဆိုလျှင် တိုင်းအဆင့်ထိ ရွေးချယ်ခံရဖူးသည်။ ကိုညိုက ကျွန်တော်တို့ အမျိုးပဲ ဖြစ်သော မခင်နွဲ့နှင့် အိမ်ထောင်ကျသည်။ မခင်နွဲ့ဆိုသည်ကလည်း ရွာမှာမွေးသည်ဟု မထင်ရအောင် အသားအရည်ရော ရုပ်ရည်ပါ သန့်သန့်ချောချော ဖြစ်ကာ သဘောကောင်းလှသည်။

ဦးအောင်ထွေး ဒေါ်ပု၏ သမီးကြီးက မမကောက်တဲ့။ သူကလည်း မမခင်လှနှင့် ရွယ်တူလောက် ဖြစ်မည်။ သူကလည်းရုပ်ရည် သန့်သည်။ ကျွန်တော်တို့ မောင်နှမတတွေကို ချစ်သည်။ ဦးသာရင် ဒေါ်ညွန့်မေ၏ သားသမီးတွေက မြမြတဲ့၊ မစမ်းအေးတဲ့၊ ကိုခင်မောင်မြင့်တဲ့၊ ကျွန်တော်က ဒီ၃ယောက်ပဲ မှတ်မိသည်။ မစမ်းအေးကလည်း ဖြူဖြူ ခံ့ခံ့ ချောချော ဖြစ်သည်။ နောက်ထပ် အမျိုးတွေလည်း ၇လမ်းမှာရှိကြ၏။ ကျွန်တော် မှတ်မိနေသော အမျိုးတစ်ယောက်က ဦးလူကောင်းတဲ့။ အဲ့သည် အချိန်လောက်မှာပင် အသက်၆၀လောက် ရှိပါပြီ။ ဆံပင်ကအရှည် သျှောင်ထုံးနှင့် ဖြစ်သည်။ သျှောင်ထုံးကို ပိုးပုဝါ ပန်းရောင်လေးနှင့် သပ်ရပ်စွာ ခေါင်းပေါင်း ပေါင်းထားသည်။ ကမြစ်အင်္ကျီအဖြူကို ဝတ်ကာ ပလေကပ်လုံချည် အဖြူခံတွင် အကွက်ကြီးကြီး ပုဆိုးကို ခါးပုံစလေး ထောင်၍ ဝတ်သည်။ ဦးကြီးဦးလူကောင်းက ရန်ကုန်မှာနေသော်လည်း သူ့သျှောင်ကို မဖြုတ်ခဲ့ပေ။

အမေခဏခဏ ပြောလို့ ရန်ကုန်၇လမ်းက အမျိုးတွေ၏ နေအိမ်နှင့် အမျိုးတွေအကြောင်း ကိုယ်တိုင် ရောက်ဖူးသကဲ့သို့ သိရှိနေသည်။ အခု ဦးဇော်ဝင်းက အမျိုးတွေရှိသော ၇လမ်းကို သွားဦးမလားဟု ပြောသောအခါ ဦးဇော်ဝင်း ကိုယ်တိုင် ကလည်း မမခင်ဝင်းနှင့် တစ်ကြိမ်ပဲရောက်ဖူးသလို ကျွန်တော့်ကိုလည်း ဆွေမျိုးစပ် ပြရဦးမှာမို့ မရောက်ဖြစ်တော့ပေ။ (တကယ်တမ်း ၇လမ်းအမျိုးများထံသို့ ယခုအချိန်အထိ ကျွန်တော်က တစ်ခေါက်ပဲ ရောက်ဖူးခဲ့ပါ၏။ အတော် များများက သက်ရှိထင်ရှား ရှိကြတော့မှာ မဟုတ်ပေ)။

တနင်္လာနေ့ စာပေစိစစ်ရေးရုံးရောက်တော့
————————————————

သည်လိုနှင့် တနလာၤနေ့ရောက်တော့ စာမူထုတ်ဝေခွင့်ရမည်ဟု စာပေဗိမာန်ကတဆင့် သိရှိ ထားသောကြောင့် ဦးဇော်ဝင်းနှင့် ကျွန်တော် သုံးဘီးနှင့် ဝင်္ကဘာလမ်းက စာပေစိစစ်ရေးရုံးသို့ သွားကြ၏။ ရုံးမရောက်မီ ဝင်းခြံတစ်ခုထဲက တိုက်လှလှလေး တစ်လုံးကို ပြပြီး ဦးဇော်ဝင်းက အဲ့ဒါ ဂျပန်သံရုံးလေ ဟု ပြောပြသည်။ စာပေစိစစ်ရေးရုံးရောက်တော့ ခဏစောင့်ပြီး ၁၀နာရီ ဝန်းကျင် သာသာတွင် ဦးဇော်ဝင်းက ရုံးအတွင်းဝင်သွားသည်။ ကျွန်တော်က အပြင်က လက်ဖက်ရည်ဆိုင်လေးက ထိုင်စောင့်နေသည်။ ဆိုင်ထဲမှာလည်း စာရေးဆရာတချို့ လက်နှိပ်စက်ကော်ပီနှင့် စာမူဖိုင်တွေ ပြင်ဆင်နေတာ၊ လက်နှိပ်စက်နှင့် လျှောက်လွှာရိုက်နေတာတွေ မြင်နေရသည်။ ခဏနေတော့ ရုံးထဲက ဦးဇော်ဝင်း ပြန်ထွက်လာသည်။ သူ ဘာမှ မပြော၊ ကျွန်တော့်ကိုပဲ သွားကြရအောင်ဟုပဲ ပြောကာ စောင့်နေသည့် သုံးဘီးပေါ် တက်သည်။

ဦးဇော်ဝင်းက မျက်နှာမကောင်းစွာဖြင့် ရုံးက ပြောလိုက်တယ် ဒို့စာမူကို ဒီနေ့မနက်မှာပဲ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် တားလိုက်လို့ ထုတ်ဝေခွင့် ချမပေးနိုင်ဘူးတဲ့ ဟု အံတကြိတ်ကြိတ် ပြောသည်။ သူက စာပေဗိမာန်ကို ပြန်သွားပြီး စုံစမ်းမယ်ဟု ဆိုကာ သုံးဘီးကို စာပေဗိမာန်ဘက် မောင်းခိုင်းလိုက်သည်။ ကိုဝင်းဖေကိုယ်တိုင် ညွှန်ကြားရေးမှူးက ပြောလို့ ဒီနေ့ ခွင့်ပြုနံပတ်ရမယ်ဆိုတာ သေသေချာချာ ပြောလိုက်တာပါကွာ၊ ဘာကြောင့်လဲ မသိဘူး ဟု ငြီးတွားသည်။ စာပေဗိမာန်ရောက်တော့ ဦးဇော်ဝင်းက မေးကြည့်တော့ တားသည့် သတင်းက ဟုတ်သတဲ့။ သူတို့ မနေ့ကပဲ အရေးပေါ်စည်းဝေးပြီး တားလိုက်တာတဲ့၊ ထို့ပြင် စာပေဗိမာန်ပုံနှိပ်တိုက်မှာလည်း အရေးပေါ် ညဆိုင်းတွေ ဆင်းတာလည်း ရှိသတဲ့။ တားတာက အချိန်အတိုင်းအတာ တစ်ခုလောက်နေမှာပါ စောင့်ကြည့်ပါဦး အဆင်ပြေ နိုင်ပါတယ် ဟုလည်း မရေရာသည့် အဖြေပဲ ရခဲ့သည်။

စာအုပ်ကြော်ငြာက ပါပြီ
—————————-

သို့သော် နောက်ရက် ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ ထွက်သည့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ စာမျက်နှာ ၆မှာတော့ ဦးဇော်ဝင်းထည့်ခဲ့သည့် စာအုပ်ကြော်ငြာက ဖော်ပြ ပါရှိပြီလေ။

မကြာပါ။ နောက်ရက် ဇန်နဝါရီလ ၂ရက် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈တွင် ၄လက်မ× ၂ကော်လံ အရွယ် ဘောင်ခတ်သတင်းအဖြစ် “ကဗျာလွတ်ကကွက် စာအုပ်ထုတ်ဝေမည်” ဟူသော သတင်းကို ဖော်ပြထား သည်။ ထိုသတင်းတွင် အခြေခံဥပဒေနေ့နှင့် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီး ဌာနမှ ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက်များ ပထမဆင့် စာအုပ် ပုံနှိပ်ပြီးစီးပြီ ဖြစ်၍ ယင်းစာအုပ်တွင် ပန်တျာကျောင်း အကနည်းပြဆရာမကြီး ဒေါ်သြဘာသောင်း၏ အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်စဉ်သမိုင်းနှင့် ကကွက် ၁၂၅ကွက်ကို ဓာတ်ပုံပေါင်း ၁၇၀ကျော်၊ ပုံကြမ်းပေါင်း ၈၀ကျော်ဖြင့် ကကွက်များကို ဖော်ပြထား၏။ ဟု စာအုပ်မျက်နှာဖုံးဓာတ်ပုံနှင့်အတူ ဖော်ပြထားပါသည်။

ဤသို့ဖြင့် နောက်လ ၁၉၈၀ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ စာမျက်နှာ ၆ တွင် “ထွက်ပြီ။ ဒေါ်သြဘာသောင်း၏ ကဗျာလွတ်ကကွက်များ ပထမဆင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ထုတ်ဝေသည် တန်ဖိုး ၂၅ိ – ၊ သေသပ်သောအဖုံးနှင့် အတူ ဓာတ်ပုံပေါင်း ၁၅၀ကျော်၊ ပုံကြမ်း၈၀ကျော်နှင့် ဒိုးတီးချက် များကို ကမ္ဘာ့သင်္ကေတများဖြင့် ဖော်ပြထားပါသည်။ စာပေဗိမာန်စာအုပ်ဆိုင်နှင့် အနုပညာဦးစီးဌာန အမှတ်(၁) နဝရတ် ရိပ်သာလမ်း၊ ရန်ကုန်တွင် ဆက်သွယ် ဝယ်ယူနိုင်ပါသည်” ဟု ၂လက်မ× ၂ကော်လံအရွယ် ဘောင်ခတ် ကြော်ငြာ ပါရှိကာ စာအုပ်ကိုလည်း ဖြန့်ချိလိုက်ပါသည်။
ဦးဇော်ဝင်းနှင့် မမခင်ဝင်းတို့ ပြုစုခဲ့သည့် စာအုပ်ကတော့ ထုတ်ဝေခွင့် မရတော့။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW