မေ ၂၃ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက် အရေးပေါ်စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
အုတ်ဖိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရှားစေးဖိုရွာ ၊ ကြီးပျက်ရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က အင်အားရာနဲ့ချီစစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုရှိနေတယ်လို့ သိရပါတယ် ။
” ခုဖြစ်နေတဲ့ နေရာက တိမ်မြုတ်ရွာ ဘေးက ရွာတွေဘက်မှာ ဖြစ်နေတာ ။ တိမ်မြုတ်ရွာမှာက တပ်ကအထိုင်ချထားတာရှိတယ်။ အဲဒီတော့ တိမ်မြုပ်ရွာနဲ့ အုတ်ဖိုအကြားက သိပ်မဖြစ်ဘူး ။ တိမ်မြုပ်ရွာ ဘေးတဝိုက်က ရွာတွေကတော့ PDF တွေလှုပ်ရှားမှုရှိတယ်။ တိမ်မြုပ် ရွာဘက်တွေကိုတော့ အရေးကြီးကိစ္စ မရှိရင် သိပ်မသွားကြပါဘူး ။ အခုက ကျွန်တော်တို့လည်း ကိုယ့်လုံခြုံရေး ကိုယ်ပဲဂရုစိုက်နေနေရတဲ့ အခြေအနေဆိုတော့ လေ ။ ” လို့ အုတ်ဖိုဒေသခံကပြောပါတယ်။
အုတ်ဖို့မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေမှာ မေ ၂၁ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာဆိုရင် အုတ်ဖိုမြို့နဲ့ ၅ မိုင်ကနေ ၇ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။
” ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲ ဖြစ်တယ်။ စစ်ရှောင်ရတဲ့ရွာတွေလည်း အရမ်းများပါတယ်။ တောထဲပဲ ရှောင်ရတာပဲ။ မိုးကလည်းရွာနေတယ်။ အကူအညီပေးမယ့် အဖွဲ့တွေလည်းမရှိဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် ဒေါင်းကြီးရွာ ၊ ဒေါင်းလေးရွာ၊ ကိုင်းကြီး၊ သာလိကာ၊ ချောင်းဂွ၊ ကျီးပင်ဆိပ်၊ မအူတန်း၊ ကျွဲတဲကုန်း၊ ကြိုးကြာကွင်း၊ စမ်းကြီးကုန်း၊ စံပြ၊ အထွက်တိုး၊ ဝင်းသရက်၊ သရက်နှစ်ဖျားလိမ်၊ ရေငန်၊ စမ်းသုခ၊ ချင်းစု၊ ကျွဲဖြူမ၊ ရွာရှောင်၊ ကိုင်းလေး၊ ကိုင်းတောစု၊ ကြို့ကိုးပင်၊ရေတာ၊ ကြီးပျက် ရွာ၊ တင်းကုတ်ကြီး၊ ဥတိုရွာက ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာဒေသခံတွေဟာ အရေးပေါ်စစ်ရှောင်ခဲ့ကြရတာ ဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေပေမယ့် နယ်မြေအခြေအနေအရ သွားလာရတဲ့အခက်အခဲတွေကြောင့် အကူအညီအထောက်ပံ့တွေ မရရှိဘူးလို့သိရပါတယ်။
မေ ၂၁ ရက်က သရက်နှစ်ဖျားလိမ် ကျေး ရွာ နဲ့ ချောင်းဂွရွာတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်ဒဏ်ရာရ ၊ပျက်စီးမှုအခြေအနေကိုတော့ အတိကျမသိရှိရသေးပါဘူး ။
ဓာတ်ပုံ – CJ
