သူတို့အိမ် အခန်း (၁၂၄)

ဆူးငှက်

နတ် ပြာ တွဲ တောင် နှင့် လူ နတ် ဘီလူး
——————————————-

အဘက ဗေဒင်တွေ ယတြာတွေ မယုံကြည်သော်လည်း ရိုးရာ ဓလေ့ကို လေးစားခုံမင်သည်။ ကျွန်တော်တို့အပါအဝင် မြေးတွေအထိ မွေးဖွားသည်နှင့် ဗောဓိကုန်းသို့ ကိုယ်တိုင်သွားကာ ရက်ချုပ် ဇာတာဖွဲ့သည်။ နာမည်ကိုလည်း တွက်ချက်ပြီးမှ ပေးသည်။ နောက်ပိုင်း မြေးတွေ လက်ထက်တွင် အိမ်မှာအတူနေသည့် မမခင်လှ သားသမီးတွေသာမက ဝင်းထဲက အခြားဆွေမျိုးများ၏ သားသမီးတွေ မွေးလျှင် အဘ က ဘာနေ့သားဆိုလျှင် အညွန့်က ဘာနေ့နာမ်ထည့် စသည်ဖြင့် ပြောပြပြီး ကျွန်တော်က နာမည်ရွေးရသည်။ အောင်မင်းနိုင်၊ စန္ဒာဦး၊ သက်ဇော်လင်းအောင်၊ အောင်ဇော်ထွန်း စသည်ဖြင့်ပေါ့။

ထို့ပြင် အိမ်အပြောင်းအရွှေ့နှင့် ပတ်သက်လျှင်လည်း ကျွန်တော့်ကို လအလိုက် နဂါးလှည့်များ သင်ပေးသည်။ တ တ က (နောက်)၊ န ဝါ ဝါ (မြောက်)၊ တော် ကျွတ် မုန်း (ရှေ့)၊ နတ် ပြာ တွဲ (တောင်) ဟူသော လင်္ကာကို ကျက်ခိုင်းထားသည်။ တ တ က (နောက်) ဆိုတာ တပေါင်း တန်ခူး ကဆုန် ဆိုရင် နဂါးက အနောက်လှည့်တယ်။ သူ့ခံတွင်းထဲ ရောက်မယ့် အရှေ့ရပ်ကို မပြောင်းကောင်း ခရီးမထွက်ကောင်းဘူး၊ န ဝါ ဝါ (မြောက်) ဆိုတာ နယုန် ဝါဆို ဝါခေါင် မှာ နဂါးခေါင်းက မြောက်လှည့် သကွ၊ တောင်အရပ် ကို မပြောင်းကောင်း ခရီးမထွက် ကောင်းဘူး၊ တော် ကျွတ် မုန်း (ရှေ့) ဆိုတာ တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း မှာ နဂါးခေါင်း အရှေ့လှည့်တယ်၊ အဲ့ဒီ ၃လမှာ အနောက်အရပ်ကို မပြောင်းကောင်း ခရီးမထွက်ကောင်းဘူး။ နတ် ပြာ တွဲ (တောင်) က နတ်တော် ပြာသို တပို့တွဲ မှာ နဂါးခေါင်း က တောင်အရပ်လှည့်လို့ မြောက်အရပ်ကို မပြောင်းမရွေ့ရဘူး ခရီးမထွက်ရဘူး ဟု ပြောပြထားသည်။

တစ်ခါ အဘက အိမ်မိုး အိမ်ပြင် အိမ်ဆောက်တော့လည်း အမိုးတန်းတို့ ကြမ်းခင်းဆင့်တို့ကိုလည်း “လူ၊ နတ်၊ ဘီလူး” ဟု တွက်ခိုင်းသည်။ အမိုးတန်း (သို့မဟုတ်) ဆင့်က လူနှင့် နတ်မှာပဲ ကျစေသည်။ ဘီလူးကျမည့် အရေအတွက် မထားရဘူးဟုလည်း ပြောပြသည်။ အဘမှာ သင်တုန်းဓား ကောင်းကောင် တစ်လက် ရှိသောကြောင့် မြေးတွေရော အိမ်နီးချင်းက ကလေးတွေရော ခေါင်းရိတ်ကြလျှင် နေ့နာမ်တွက်ပြီးမှ ခေါင်းရိတ်ပေးသည်။

ဆောင်ပန်းပုခက်ကြီးနှင့် ပုခက်တင်
——————————————–

ထို့ပြင် မြေးတွေ နှင့် အခြားကလေးတွေ ကိုလည်း ပုခက်တင် ပြုလုပ်ပေးလေ့ရှိသည်။ အိမ်မှာက ကျွန်းသား ဆောင်ပန်းပုခက်ကြီး ရှိသည်။ ထို ပုခက်ကြီးကလည်း အတော် ခံ့ညားသည်။ ပတ်လည် အကာတွေက ပွတ်လုံးတန်း များပါသည်။ ခေါင်းရင်းမှာက ခြူး၂ကောင် ခေါင်းချင်း ဆိုင်ကာ ဘေးမှာ ကနုတ်ပန်းတွေပါသည်။ ခြူး ၂ကောင်အနက် ဘယ်ဘက်က ခြူး၏ မြှောက်ထားသော ညာဘက်လက်လေးက ကျိုးနေသည်။ ဒါပဲ အပြစ်ပါ၏။ ကျန်တာ အားလုံးကောင်းသည်။ ထို့ပြင် ပုခက်ချိတ်ကလည်း ကြေးပန်းခက်တွေ ခြူလုံးတွေနှင့် ဖြစ်သည်။ ကျွန်တော်မှတ်မိတာတော့ ထို ဆောင်ပန်းပုခက်ကြီးက အမေ့ဆီဖောက်သည် ဖြစ်သည့် ဈေးချို ဘာဘူတန်းက ဘာဘူမိသားစုက သူတို့ အိန္ဒိယပြန်ကြလို့ အမေ့ကို ပေးခဲ့တာတဲ့။ ထို့ကြောင့် ပုခက်၏ လက်ရာက မြန်မာမဆန်။

ထိုပုခက်ကြီးကို အိမ်ယူလာတော့ အဘက သေချာဆေးကြောပြီး ပုခက်တစ်ခုလုံး ကော်ပတ်စားကာ ပဲ့နေသော ခြူးခြေထောက်လေးကို မူလအတိုင်းဖြစ်အောင် သစ်သားနှင့် ထွင်းပြီး အစား ပြန်ထည့်သည်။ ထို့နောက် လူပျံတံဆိပ် ချိတ်ဆေးပုလင်းဝယ်ကာ ကျကျနနသုတ်သည်။ ကျွန်တော်မှတ်မိနေတာက ချိတ်ဆေးမသုတ်မီ ခွက်အဟောင်းသန့်သန့် တစ်လုံးကို ရေနံဆီ မီးခွက်ပေါ် မှောက်ထားပြီး မှိုင်းခံသည်။ မှိုင်းတွေ တော်တော်ရလာသောအခါ ခွက်တစ်လုံးထဲ ခြစ်ချပြီး ချိတ်ဆေးနှင့် ဖျော်သည်။ ထိုဖျော်ထားသော ချိတ်ဆေးနှင့် စိမ်ပြေနပြေ အထပ်ထပ်သုတ်သည်။ ထို့ပြင် ပုခက်မှာပါသည့် ကြေးကွင်းတွေ ကြေးချိတ်တွေလည်း မန်ကျည်းမှည့်နှင့် ပွတ်သည်။ ထို့ကြောင့် ဆောင်ပန်းပုခက်ကြီးမှာ မဟူရာရောင် တောက်တောက်နှင့် ကြေးချိတ်တွေက ဝင်းနေသည်။ ကျွန်တော့်က ထိုပုခက်ကြီး စီးရသည်။ သို့သော် အိမ်ကကျဉ်းသောကြောင့် ပုခက်ကြီးကို ဖြုတ်ကာ အိမ်ထဲက သင်္ဘောဝါးကြမ်းစင်ပေါ် တင်ထားရသည်။ နောက်တော့ မြေးတွေကို ပုခက်တင်လျှင် ထိုပုခက်ကြီးချ ဖုံသုတ်သန့်ရှင်းပြီး ပုခက်တင် ပြုလုပ်ပေးသည်။

ပုခက်တင်လျှင် ပုခက်၏ ထောင့်လေးထောင့်မှာ သပြေပန်းတွေ ရွှေပန်းငွေပန်းတွေ ထိုးသည်။ အပေါ်ကလည်း ဇွန်ကုံ စံပယ်ကုံးတွေ ချိတ်ဆွဲသည်။ ထို့နောက် အမေ၏ နံသာဖြူကရမက်တွေကို ငွေသောက်ရေဖလားထဲ သွေးထည့်ပြီး သပြေခက်နှင့် ပုခက်ကို ပက်သောကြောင့် ပုခက်တစ်ခုလုံး နံ့သာဖြူကရမက် အစက်တွေနှင့် ဖြစ်သည်။ ထို့ပြင် ပုခက်ထဲက ကလေးဘေးမှာ စာတတ်ပေတတ်ဖြစ်အောင် တရားစာအုပ် ကျမ်းစာအုပ် ထည့်သည်။ ထို့နောက် ဘယ်ကလေး ပုခက်တင်တင် အဘက မမခင်ဝင်း၏ မဟာဂီတစာအုပ်နှင့် စည်းနှင့်ဝါး အမြဲ ထည့်သည်။ အဘက သူ့မြေးတွေကို စာတတ်ပေတတ် အနုပညာရှင် ဖြစ်စေချင်သည်။ ထိုသို့ ရိုးရာဓလေ့ကို စွဲလမ်းလွန်းလို့ မမခင်ဝင်း ပန်တျာ စတက်တော့လည်း ကြာသပတေးနေ့၊ ကျွန်တော့်ကို ဦးပဏ္ဏဝံကျောင်း အပ်တော့လည်း ကြာသပတေးနေ့၊ အခု ဦးကြီးလှတင်နှင့် ကိုကျော်ဝင်းတို့ လှဂုဏ်ရည်သို့ ဓာတ်ပုံပညာသင်ဖို့ကိုလည်း ကြာသပတေးနေ့ပဲ ရွေးပေးခြင်းဖြစ်သည်။

 

လမ်းသွားရင်း ဆိုင်းဘုတ်တွေ အလွတ်ကျက်ရမယ်
——————————————————-

ကြာသပတေးနေ့ ရောက်တော့ မနက် စောစောထကာ အိမ်က စားသောက်ပြီး လှဂုဏ်ရည် ဓာတ်ပုံတိုက်သို့ စက်ဘီးနှင့် ထွက်ခဲ့သည်။ ကျွန်တော် လှဂုဏ်ရည်သို့ ရောက်တော့ ဦးကြီးလှတင်နှင့် ကိုကျော်ဝင်း က မှတ်ပုံတင်ပတ်စပို့ ရိုက်ကူး သော ကင်မရာကြီးကို ပြင်နေကြသည်။ ကင်မရာကြီးက အဝတ်နက်ကြီးခြုံကာ ရာဘာဘုလုံးကို နှိပ်၍ ရိုက်ကူး ရသော ရှေးဟောင်း ကင်မရာကြီး ဖြစ်သည်။ ကင်မရာက မှန်ဘီလူးကို ဖြုတ်ပြီး ပြင်နေကြပုံရသည်။ ကျွန်တော်က ရောက်တာနှင့် ဦးကြီးနှင့် ကိုကျော်ဝင်း ဘေးနားသွားရပ်ပြီး ရောက်ပြီဆိုတာ သိစေသည်။ ကျွန်တော် ဘေးနားရောက်ပြီး တစ်အောင့် လောက် အကြာ ကင်မရာမှန်ဘီလူးက ဖြုတ်လိုက်သည့် ကြေးကွင်းကြီးကို ဦးကြီးက ကျွန်တော့်ထံ လှည့်မကြည့်ဘဲ ထိုးပေးပြီး “ မောင်ကျော်ဆန်း..၊ ဒီကွင်းက ကျိုးနေတဲ့နေရာ ကြေးဂဟေသွားဆော်ခဲ့” ဟု ခိုင်းသည်။

ကျွန်တော်က ကြေးကွင်းကို ကိုင်ကာ နဝေတိမ်တောင် အူကြောင်ကြောင်နှင့် ရပ်နေတော့ ဦးကြီးက “ဓာတ်ပုံဆရာ လုပ်မယ့်သူက ဘယ်နေရာမှာ ဘာလုပ်ငန်း ဘယ်နေရာမှာ ဘာဆိုင်ရှိတယ်ဆိုတာ သိနေရမယ်၊ လမ်းသွားရင်းဖြစ်ဖြစ် စက်ဘီးနဲ့ဖြစ်ဖြစ် ဘယ်သွားသွား လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်သွား၊ မှတ်သွားရမယ်၊ အခု ဒို့က ဒါကို ကြေးဂဟေ ဆော်ချည်လို့ ပြောလိုက်တာနဲ့ မင်းက ကြေးဂဟေဆိုင် ဘယ်နားမှာရှိတယ် ဆိုတာ တန်းသိရမယ်။ သွား မြောက်ြပ် ၁၆လမ်းနဲ့ ၈၂လမ်းထောင့်မှာ ကြေးဂဟေဆိုင်ရှိတယ်” ဟု ပြောသည်။ ကျွန်တော် ပညာသင် စဝင်ဝင်ချင်း ဦးကြီး၏ သင်ခန်းစာ ၁ ဖြစ်ပါသည်။ ထို့ပြင် ဦးကြီးက ရှေးမန္တလေးသားကြီးမို့ မဲအိုးတန်း၊ ဇဒိုက်တန်း(စာတိုက်တန်း)၊ ကမ္မဝါတန်း၊ ထီးရိုးဝင်း၊ တိုက်ဝါဆေးဆိုင်၊ မာရဂျမ်းတိုက်၊ မောက်မယ်ဝင်း၊ ဒေါက်တာဂူးဝါးတိုက်၊ ဖွေးလက်ကိုဗစိန်အိမ်၊ ရေချိုဦးအေးမောင်တိုက် စသည်ဖြင့် သည်လိုပဲပြောသည်။ ဒါကို ဘယ်နားမှာလဲဟု မမေးနှင့် မန္တလေးသား ဓာတ်ပုံဆရာဆို သိထားရမည်။

ဟိုက်ပိုဆေးခြင်း အနုပညာ
——————————

ထိုစဉ်က လှဂုဏ်ရည်ဓာတ်ပုံတိုက်မှာ အများဆုံးရိုက်ကူးရတာက မှတ်ပုံတင် ပတ်စပို့ ဓာတ်ပုံများဖြစ်သည်။ ကျွန်တော် ပထမဆုံး အလုပ်သင်အနေနှင့် မှတ်ပုံတင် ပတ်စပို့လာရိုက်လျှင် ထိုင်ခုံပေါ်ထိုင်တာ အချိုးကျဖို့၊ ခေါင်းတည့်ဖို့၊ မျက်နှာ အမော့ အငုံ့ မှန်ကန်ဖို့၊ အင်္ကျီ အဝတ်အစား သပ်ရပ်ဖို့၊ ခါးမတ်ဖို့ စသည်ဖြင့် ပြုပြင်ပေးရသည်။ ထို့နောက် အစ်မ မမဒွဲဘူက ရိုက်ကူးပေးသည်။ သို့မဟုတ် ကိုကျော်ဝင်း၏ သူငယ်ချင်းလည်းဖြစ်၊ ဓာတ်ပုံတိုက်မှာ အတူ လုပ်ဖော် ကိုင်ဖက်ဖြစ်သူ ကိုကျော်ဝင်းကြီး က ရိုက်ကူးပေးသည်။ ပြီးလျှင် ကျွန်တော်က ရှေ့ကောင်တာမှာ ဘောက်ချာ ဖြတ်ပေါ့။ ထို့နောက် ကိုကျော်ဝင်းကြီးက အမှောင်ခန်းတွင် ဓာတ်ပုံများကူးသည်။ ကူးပြီးဓာတ်ပုံများကို နောက်က ရေကန်မှာ လေးထောင့် ကြွေဇလားအပက်တွင် ရေစိမ်ကာ ပုံချုပ်ဆေးဖြစ်သော ဟိုက်ပိုကို ချွတ်ရသည်။

ဓာတ်ပုံကဏ္ဍနှင့် ပတ်သက်၍ ကျွန်တော် ပထမဆုံး ပညာသင်ရသည်မှာ ဟိုက်ပိုချွတ်ရခြင်း ဖြစ်သည်။ ကူးပြီးသားဓာတ်ပုံများကို ၂ပေပတ်လည်နှင့် ဇောက် ၂လက်မခွဲလောက်ရှိသော ကြွေဇလားထဲသို့ အပေါ်မှ ရေကို နည်းနည်းချင်း ဖွင့်ကာ ကြွေဇလားထဲကရေကို လက်နှင့် ပုတ်ပြီး ဓာတ်ပုံသားပေါ်က ဟိုက်ပိုဆေးတွေကို သန့်ရှင်းရခြင်းဖြစ်သည်။ ထိုဟိုက်ပိုဆေး မပြောင်ပါက ဓာတ်ပုံက ရက်ပိုင်းနှင့် ဝါသွားသည်။ ဓာတ်ပုံပေါ်က ဟိုက်ပိုဆေးကို ရေထဲမှာ လက်နှင့် ပွတ်၍ ချွတ်လို့မရ၊ ထိုသို့ လက်နှင့်ထိလျှင် ဓာတ်ပုံဆေးသားတွေ ကွာနိုင်သည်။ ထို့ကြောင့် ရေထဲမှာ ပက်လက်လှန်၍ စိမ်ထားသော ဓာတ်ပုံများပေါ်က ရေကိုသာ ဓာတ်ပုံကိုလက်နှင့် မထိစေဘဲ ပုတ်ရသည်။ ပုတ်လိုက်လို့ ဖြစ်ပေါ်သော ရေဂယက်ဖြင့်သာ ပုံပေါ်က ဆေးသားကို ဖြည်းဖြည်းချင်း သန့်ရှင်းစေသည်။

ကျွန်တော်က စ၍ ဟိုက်ပိုချွတ်တော့ ကိုကျော်ဝင်း သင်ထားသည့် အတိုင်း ရေကိုပုတ်သည်။ တစ်နေ့ ကိုကျော်ဝင်း မရှိစဉ် ဓာတ်ပုံပေါ်က ဟိုက်ပိုတွေ မြန်မြန်ကျွတ်အောင်လို့ ရေးကို တဗြန်းဗြန်းပုတ်တော့ ဦးကြီးက မြင်သွားပြီး အနားရောက်လာကာ “ မင်းက နောက်မှာ ဟိုက်ပိုဆေး ရုံတင် မဟုတ်ဘူးလေ၊ ဓာတ်ပုံရိုက်တဲ့သူလာရင် ရှေ့ထွက်ပြီး ပြင်ပေးရဦးမယ်၊ ဘောက်ချာဖြတ်ပေးရဦးမယ်။ ဒီတော့ မင်းက အခုလို ရေတွေ တဗြန်းဗြန်းပုတ်တော့ အင်္ကျီလက်တွေစိုမယ်၊ ရင်ပတ်တွေစိုမယ်၊ ပုဆိုးတွေ စိုကုန်မယ်လေ၊ ဒီတော့ ဓာတ်ပုံ ရိုက်တဲ့သူ ရှေ့မှာ ဘယ့်နှယ် အဆင်ပြေပါ့မလဲ။ ဟိုက်ပို ဆေးတဲ့အခါ ဇလားထဲကရေတွေလည်း မဖိတ်စင်အောင် အင်္ကျီလက်ခေါက်တောင် မစိုအောင် ပုံပေါ်က ဟိုက်ပိုလည်း ကျွတ်လောက်တဲ့ ရေဂယက်ရအောင် ချိန်ဆပြီး ပုတ်တတ်ရမယ်။ ဒို့ ပညာသင်တုန်းက ဒါကို အနည်းဆုံး ၆လလောက် လေ့ကျင့်ခဲ့ရတာ၊ မင်းလည်း ရအောင် ကျင့်” ဟု သင်ပေးမှာ ဦးကြီးပြောသလို ဖြစ်ဖို့ အတော်လေ့ကျင့် ဂရုစိုက်ရသည်။

ပြင်စရာရှိရင် ဦးလေးပြင်ပေးမယ်လေ
—————————————-

မှတ်ပုံတင် ပတ်စပို့ရိုက်ကူးသူကို အဆင်ပြေအောင် ပြင်ပေးရသည့် အကြောင်း ပြောတော့ ရယ်စရာ တစ်ခုကို သတိရမိသည်။ တစ်ရက်တွင် သားအဖနှစ်ဦး ပတ်စပို့လာရိုက်သည်။ တကယ်ရိုက်မှာက သမီးတစ်ယောက်ပဲဖြစ်သည်။ ဖအေက လိုက်ပို့တာပေါ့။ သမီးက ၉တန်းကျောင်းသူတဲ့။ သူတို့ကျောင်းက ကျောင်းသားကတ်လုပ်မှာမို့ ပတ်စပို့ လာရိုက်တာတဲ့။ သမီးက ၉တန်းဆိုတော့ အပျိုပေါက်ပေါ့။ သူက ဓာတ်ပုံရိုက်ဖို့ ကင်မရာရှေ့က ခုံပေါ် စထိုင် လိုက်သည်နှင့် အခုခေတ်လို ပြောရလျှင် ပဲများတော့သည်။ တည့်တညိ့ထိုင်၊ ခါးမတ်မတ်ထား၊ ခေါင်းတည့်တည့်နှင့် ရှေ့ကြည့်ရမည့်အစား ခုံပေါ် တင်ပါးခပ်စောင်းစောင်း ပစ်ပြီး ခါးလိမ်ကာ ခေါင်းစောင်းတော့သည်။ ထို့ကြောင့် ကျွန်တော်က ခုံပေါ် တည့်တည့်ထိုင်ဖို့ ခါးမတ်မတ်ထားဖို့ လက်ကို ကိုယ်နှင့်ကပ်ဖို့ ခေါင်းမတ်ပြီး ရှေ့တည့်တည့်ကြည့်ဖို့ ပြောရသည်။ ထို့ကြောင့် သူက ပြင်ထိုင်သည်။

တည့်တည့်ထိုင်ပေမယ့် ခါးကစောင်း၊ ခါးမတ်ခိုင်းတော့ လက်က မညီ။ လက်ညီပေမယ့် ဇက်ကစောင်း ဇက်တည့်ပြန်တော့ ခေါင်းကငုံ့ စသည်ဖြင့် တော်တော်နှင့် အချိုးကမကျ၊ ကျွန်တော်ကလည်း စိတ်မရှည်တော့ သူ့ဒူးကိုဆွဲစေ့၊ ခါးပေါ်နေလို့ သူ့အင်္ကျီကို ဆွဲချ၊ ပုခုံးကိုင်ပြီး တည့်ပေး၊ ရှေ့တည့်တည့်ကြည့်ဖို့ နားထင်၂ဘက်ကိုင် တည့်ပေး၊ ငုံ့နေလို့ မေးကိုင်ပြီး အပေါ်တင်၊ သည်တင်မှာပဲ ဘေးက ထိုင်နေသော ဖအေကြီးက ထလာပြီး “ မောင်ရင် မောင်ရင်၊ ဘာထပ်ပြင်ရဦးမလဲ၊ ဦးလေးကိုယ်တိုင် သမီးကို ပြင်ပေးမယ်လေ” ဟု အနားရောက်လာမှ ကျွန်တော်လည်း လက်လျော့လိုက်ရသည်။ ကိုင်း မလှလည်း မတတ်နိုင်တော့။

 

ဆူးငှက်

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW