ကာလကြာရှည် ထိန်းသိမ်းခံရတဲ့ လူကုန်ကူးခံရသူ အမျိုးသမီးတွေကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံ

မန္တလေး၊ ဇွန်- ၅- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက် ၄၁၈ မှာ ကာလကြာရှည်စွာ ထိန်းသိမ်းခံထာရသူ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို မိဘနဲ့ နေရပ်ဆီကို ပြန်လည်အပ်နှံဖို့ အစီအစဥ် ရှိ မရှိဆိုတဲ့ မေးခွန်းကို အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (တတိယနေ့အခမ်းအနား) မှာ လွှတ်တော်ဥက္ကဋ္ဌကတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း မေးမြန်းတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ” လူကုန်ကူးမှုများတွင် ပြစ်မှုကျူးလွန်သူ တရားခံ ဖမ်းဆီးရမိတဲ့ အမှုများ၌ ချုပ်ရမန်ကာလ ၁ လ အတွင်း တရားစွဲဆို၍ လူကုန်ကူးခံရသူ အမျိုးသမီးများအား အမြန်ဆုံးသက်သေခံနိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တရားလိုအရာရှိ အမှုကိုင်အရာရှိနှင့် သက်ဆိုင်ရာ ရဲစခန်းများမှ အမှုစစ်အရာရှိများ ပူးပေါင်းကာ တရားခွင်၌ သက်သေခံနိုင်ရေး ဆောင်ရွက်ပြီး သက်သေခံပြီးစီးပါက လူကုန်ကူးခံရသူ အမျိုးသမီးများအား ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာ၏ အစီအစဥ်ဖြင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်လျှက်ရှိပါတယ်။ အမှုဖြစ်စဥ်မှာ တရားခံပြေးဖြစ်နေပါက တရားစွဲတင်ပြီးနောက် တရားခံထွက်ပြေးတိမ်းရှောင်နေသူဟု သိရှိသူ သက်သေများအား တရားခွင်တွင် စစ်ဆေးပြီးနောက် လူကုန်ကူးခံရသူများအား စစ်ဆေးကာ ၄င်းတို့နေထိုင်ရာ အရပ်သို့ ပြန်လည်စေလွှတ်နိုင်ကြောင်း၊ အကယ်၍ တရားခံ ပြေးများ ပြန်လည်ဖမ်းမိချိန် လူကုန်ကူးခံရချိန် သက်သေများအနေဖြင့် ရုံးတော်သို့ မလာရောက်နိုင်ပါကလည်း ယခင် ထွက်ဆိုချက်များဖြင့် တရားရုံးသို့ တင်ပြနိုင်ပါကြောင်းနှင့် သက်သေထွက်ဆိုပြီးပါက လူကုန်ကူးခံရသူ အမျိုးသမီးများအား ယာယီလက်ခံစောက်ရှောက်ရေးဂေဟာ၏ အစီအစဥ်ဖြင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးခြင်းများ ဆောင်ရွက်လျှက်ရှိပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
၁၈ ရက် ၁၁ လ ၂၀၂၅ ရက်နေ့မှာ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တဲ့ ပြင်ဦးလွင်ခရိုင်၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်း၊ ပ ၅၅/ ၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အမှုမှာ လူကုန်ကူးခံရသူ အမျိုးသမီး ၂ ဦးနဲ့ ပတ်သက်ပြီး အဲ့ဒီအမှုက တရားခံလေးဦးက ထွက်ပြေးတိမ်းရှောင်နေတာကြောင့် တရားလို လူကုန်ကူးခံရသူ တွေနဲ့ သက်သေတွေကို စစ်ဆေးခြင်း အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ တိမ်းရှောင် တရားခံတွေရဲ့ ဖုန်းနံပါတ်တွေကို မြန်မာ့ဆက်သွယ်ရေးကို ပေးပို့ကာ ဖုန်းနံပါတ်တွေရဲ့ အမည်ပေါက်နဲ့ ဖုန်းအဝင်အထွက်မှတ်တမ်းတွေကို တောင်းခံခြင်း၊ လူကုန်ကူးခံရသူ အမျိုးသမီးကိုင်ဆောင်တဲ့ ဖုန်းတွေကို မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နည်းပညာဌာန နေပြည်တော်ကို ပေးပို့ပြီး တရားခံပြေးတွေနဲ့ တက်သွယ်ထားတဲ့ အချက်အလက်တွေကို မေးမြန်းခြင်း၊ လိုအပ်တဲ့ ရဲလုပ်ငန်းတွေ ပြည်စုံအောင်ဆောင်ရွက်ကာ သက်ဆိုင်ရာခရိုင်ဥပဒေရုံးမှာ တရားမစွဲတင်မီ လိုအပ်တဲ့ ဥပဒေအကြံပြုမှုတွေတောင်းခံခြင်း၊ ကြိုတင်တရားစွဲဆိုခွင့်ပြုမိန့်တွေ ဆောင်ရွက်ပြီးနောက် အမှုကို ၆ ရက် ၅ လ ၂၀၂၆ ရက်နေ့မှာ ပိတ်ချင်းမြောင်နယ်မြေရဲစခန်း ထွက်ချက်အမှတ် ၅၀/၂၀၂၆ ဖြင့် ပြင်ဦးလွင်ခရိုင်တရားရုံမှာ တရားစွဲဆို တင်ပို့ခဲ့ကာ အဲ့ဒီအမျိုးသမီးနှစ်ဦးကို၂၁ ရက် ၅ လ ၂၀၂၆ နေ့မှာ တရားရုံးအတွင်း အမှုနဲ့ သက်သေထွက်တိုချက်တွေ ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် ၂၉ ရက် မေလ ၂၀၂၆ မှာ နေရပ်ကိုပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)အစီအစဥ်နဲ့ ရန်ကုန် ယာယီလက်ခံရေးဂေဟာကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီး နေလင်းစိုး က ဖြေကြားပါတယ်။
လူကုန်ကူးခံရသူအမျိုးသမီး သုံးဦးလုံးမှာ တရားရုံးကိုတရားစွဲဆိုတင်ပို့နိုင်ဖို့ အချိန်ကာလဟာ ၆ လကျော်ခန့် ကြာမြင့်တာကိုတွေ့ရတာကြောင့် နောင်မှာ အမှုတွေစစ်ဆေးရာမှာ ကြန့်ကြာမှုမရှိစေရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW