ဇွန် ၄-၂၀၂၆
KKA (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ယာယီတိမ်းရှောင်စခန်းကို ရောက်ရှိခိုလှုံနေတဲ့ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြရန်နဲ့ လိုအပ်ချက်များကို ပြည်နယ်အစိုးရက အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားလိုက်ပါတယ်။
ဇွန်လ (၂) ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဦးမော်ရာဟူးခြံအတွင်းရှိ ယာယီတိမ်းရှောင်စခန်းကို သွားရောက် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်အပြီးမှာ ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
” စခန်းရှိ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြဖို့၊ မိုးရာသီကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့နဲ့လိုအပ်ချက်ေတွရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြဖို့၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်”လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။
အဲဒီ ယာယီတိမ်းရှောင်စခန်းမှာ ဝိုင်းမော်မြို့နယ်၊ သာဂရကျေးရွာက ရွှေ့ပြောင်းတိမ်းရှောင်လာရတဲ့အိမ်ထောင်စု (၃၄၁) စု ခိုလှုံနေထိုင်လျက်ရှိပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တစ်အိမ်ထောင်လျှင် (၂၄) ပြည်ပါ ဆန် (၁) အိတ်စီနဲ့ စားသုံးဆီ (၁) ပိဿာစီ စုစုပေါင်း ဆန် (၃၄၁) အိတ်၊ ဆီ (၃၄၁) ပိဿာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး တိမ်းရှောင်စခန်း တည်ဆောက်ရန်အတွက် မိုးကာနဲ့ဝါးများ ဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း (၈၀) ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့နဲ့ ကပ်လျက်ရှိတဲ့ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ပြည်သူတချို့ဟာ မြစ်ကြီးနားမြို့ကို တိမ်းရှောင်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။
(ဓာတ်ပုံ – မိုးညှင်းခရိုင်လမ်းညွှန်)
