ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် ထပ်ကျလို့ ဝယ်ချင်သူ​တွေစိတ်ဝင်စားလာ

ဇွန် ၁၁ – ၂၀၂၆
SN (VOM)
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းလာတဲ့အတွက် ပြည်တွင်းက အခေါက်ရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ သုံးရက်အတွင်း ကျပ် ငါးသိန်းဝန်းကျင် အကျရှိခဲ့တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ ဒေါ်လာ ၅၀၀၀ အောက်ကို ရောက်ရှိလာတာဖြစ်ပြီး ဇွန် ၉ ရက်နေ့ကနေ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းအထိ တအောင်စ ဒေါ်လာ ၂၀၀ ကျော် ကျဆင်းခဲ့တာဖြစ်ကာ လက်ရှိမှာတော့ တအောင်စ ဒေါ်လာ ၄၁၀၃ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“ကမ္ဘာ့ရွှေကျတော့ ပြည်တွင်းဈေးပါ လိုက်ကျတယ်။ အခု အခေါက်ရွှေ တကျပ်သားဈေးက ၉၅ သိန်းဝန်းကျင်ကို ရောက်နေပြီ။ ဈေးကွက်ထဲမှာ အမှန်တကယ် အရောင်းအဝယ် ဖြစ်နေတဲ့ဈေးပါ။ ဒါပေမယ့် အခု ဈေးကျနေပေမယ့် မိုးတွင်းကာလက ဇူလိုင်၊ ဩဂုတ်လလောက်ဆို မိုးကြီး‌တတ်တော့ ရွှေလုပ်ကွက်တွေက နားတတ်တယ်။ အဲဒီလိုအချိန်ဆို ရွှေရှားတတ်တယ်၊ ဈေးပြန်တက်တတ်တယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးက ကျနေရင်တော့လည်း သိပ်မတက်နိုင်ဘူး။ ကမ္ဘာ့ဈေး ကျရင်ကျသလောက် ပြည်တွင်းရွှေဈေး ကျလာနိုင်တယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းရှိနေပြီး ရွှေဈေး သိန်း ၁၀၀ အောက် ရောက်ရှိလာချိန် ဝယ်ယူဖို့ စောင့်ဆိုင်းနေသူတွေကြောင့် အနည်းငယ် အဝယ်လိုက်နေတယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေး ကျဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ လက်ရှိ အမေရိကန်နိုင်ငံရဲ့ လုပ်သားဈေးကွက်ဟာ ခန့်မှန်းထားတာထက် ပိုမို ကောင်းမွန်နေတဲ့အတွက် အမေရိကန်ဗဟိုဘဏ် (Fed) အနေနဲ့ အတိုးနှုန်းကို ဆက်လက် တိုးမြှင့်လာနိုင်ခြေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုပါတယ်။
“ရွှေဆိုတာက အတိုးနှုန်း (ဒါမှမဟုတ်) အမြတ်ငွေ တိတိကျကျ ပြန်ပေးနိုင်ခြင်းမရှိတဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ မရေရာတဲ့ ပိုင်ဆိုင်မှုပေါ့။ ဘယ်လောက်ပဲ ကိုယ့်လက်ထဲ ထားထားပါစေ။ ကြိမ်းသေ အမြတ်ရမယ်လို့ တထစ်ချ ယူဆလို့ မရဘူး။ လက်ထဲရှိနေပေမယ့် ဘဏ်အတိုးနှုန်း မြင့်တက်လာတဲ့အခါမျိုးဆို ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေက လျော့ကျသွားတတ်တယ်။ နောက်တချက်က အမေရိကန်ဒေါ်လာ အားကောင်းလာတာရှိမယ်။ ရွှေဈေးဆိုတာ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ရတာဖြစ်တယ်။ ဒေါ်လာတန်ဖိုး မြင့်တက်လာတဲ့အခါ ရွှေဈေး ကျဆင်းလေ့ရှိတယ်” လို့ ဈေးကွက် ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
ဒါအပြင် ကမ္ဘာ့ရွှေဈေး ကျဆင်းရတဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ ပြီးခဲ့တဲ့လတွေက စံချိန်တင် မြင့်တက်ခဲ့တဲ့ ရွှေဈေးနှုန်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်ငွေ ပြန်လည် ထုတ်ယူခဲ့ကြလို့ဖြစ်ပြီး ရေရှည်မှာ အကျအား ဆက်ကောင်းဖို့ ရှိနေသေးတဲ့အတွက် လက်ရှိစျေးကွက်မှာ အဝယ်ထက်၊ စျေးအတက်ကိုသာ စောင့်ဆိုင်းရောင်းချတာ ပိုကောင်းတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ပြည်တွင်းက ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေ‌ဈေးနှုန်းတွေ ကျဆင်းနေသလို ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေး‌တွေလည်း ကျဆင်းနေတာကိုတွေ့ရပြီး ဒီကနေ့ ဇွန် ၁၁ ရက်မှာတော့ ရွှေတကျပ်သားဈေး ၆၉ သိန်းခွဲအဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။
အမေရိကန်ဒေါ်လာဈေးကတော့ ပြင်ပဈေးကွက်အတွင်းမှာ တဒေါ်လာကို ၃၉၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပြီး တန်ဖိုးအပြောင်းအလဲ အနည်းငယ်သာရှိကာ အတက်အကျ အေးနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW