လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေသူတွေကြောင့် နစ်နာသူတွေများလို့ ရောင်းမှား/ ဝယ်မှား မဖြစ်ဖို့ သတိထားဖို့လို

မန္တလေး၊ ဇွန်- ၁၇- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။
လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။
လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့ အစရှိတဲ့ နေရာတွေက သတိထားပြီး ဝယ်ယူရမယ့် နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
အမရပူရခရိုင်အတွင်းမှာတော့ ရှမ်းကလေးကျွန်းရွာ၊ ယဥ်တော်ကျေးရွာအုပ်စု၊ ငယ်တိုးတိုက်နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတွေက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတလျှောက်နေရာတွေမှာ လက်ရှိအချိန်ထိ မြေယာပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။
အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နဲ့ ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိတဲ့ စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်တာကြောင့် လယ် ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်၄င်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမယ့် မြို့မြေကွက်သော်၄င်း လာရောက်ထုတ်ယူဖို့ ကြေငြာစာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
အမရပူရခရိုင် ယဥ်တော်ကျေးရွာအုပ်စု၊ ဆည်တဲတိုးချဲ့ရွာမှာ နေထိုင်သူတဦးက ” ဆည်တဲတိုးချဲ့ဘက်မှာ နှစ်ထပ်တိုက်သုံးလုံး ဖျက်သွားပြီ၊ ဒီဘက်မှာလည်း ဆောက်လက်စ တိုက်တွေ ရပ်ထားကြတယ်၊ ဘာဖြစ်မယ်မသိလို့လေ၊ အခုကတော့ ဆည်တဲတိုးချဲ့ကနေ ဒေါ်အေးကြင် ထမင်းဆိုင်ရဲ့ မြောက်ဘက်အထိ တာရိုးအရှေ့ဘက်လမ်းတလျှောက် ခြံစည်းရိုးခတ်သွားကြပြီ” လို့ ပြောပါတယ်။
အဲ့ဒီနေရာတွေမှာ လယ်ယာမြေတခြားနည်းသုံးစွဲခွင့်မရှိဘဲ အကွက်ရိုက်၊ အိမ်ဆောက် ရောင်းချထားတာတွေကို ဝယ်မိထားသူတွေရှိသလို ပလပ်မြေထင်ပြီး ကျူးကျော်ဝင်ရောက် နေထိုင်သူတွေရှိတယ်လို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ် ၈ လပိုင်းအတွင်းမှာ လယ်မြေတွေပေါ်မှာ အိမ်တွေဆောက်ပြီးတော့ နေနေတဲ့ စာရင်းကို SOP ကောက်ယူထားပြီး အဲ့ဒီနောက်ပိုင်း လယ်ယာမြေတွေပေါ်မှာ အိမ်ဆောက်နေတဲ့သူတွေကို ရပ်ကျေးကနေ သတိပေးတာ၊ စောင့်ကြည့်ရေးအဖွဲ့၊ စီစစ်ရေးအဖွဲ့နဲ့ ဖမ်းဆီးရေးအဖွဲ့တွေက ဥပဒေနဲ့အညီ တားမြစ်ခြင်းနဲ့ တရားစွဲဆိုတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြေယာအသုံးချမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပုသိမ်ကြီးမြို့မှာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက အသိပညာပေးအခမ်းအနားတခုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့ လမ်းဘေးက လယ်ယာမြေတွေပေါ်မှာ အခြားနည်းသုံးစွဲခွင့် မရှိပဲ ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်နဲ့ အပန်းဖြေနေရာ ၃၀ ဝန်းကျင်ကိုလည်း သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံထားသူတွေအနေနဲ့ နစ်နာမှုတွေ ရှိခဲ့ပါတယ်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီးမံကိန်းတွေဖြစ်တဲ့ ကော်ဖီစီမံကိန်း၊ သစ်တောစီမံကိန်း၊ ပိုးစာစီမံကိန်း စတဲ့ စီမံကိန်းမျိုးစုံအတွက် လျာထားတဲ့ ဧရိယာအတွင်းက မြေတွေကိုစီမံကိန်းမဖော်ဆောင်ခင်မှာ တချို့က ခိုင်မှာမှုရှိတယ်ဆိုကာ အကွက်ရိုက်ရောင်းချပြီး စီမံကိန်းအကောင်အထည်ဖော်လာတဲ့အချိန် ဖယ်ရှားခံရတာကြောင့် ဝယ်ယူထားသူတွေအနေနဲ့ နစ်နာဆုံးရှူံးခဲ့ရတဲ့ သာတကတွေ အများအပြားရှိခဲ့ပါတယ်။
ဒီလိုပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိ ထားဆောင်ရွက်ဖို့ သက်ဆိုင်ရာက သတိပေးဆောင်ရွက်နေတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW