ပခုက္ကူ၊ စက်တင်ဘာ ၁-၂၀၂၆
LP(VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ နိုင်ငံ့ဝန်ထမ်း ပင်စင်စားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လစဉ် ၂၁ ရက်နေ့တိုင်း အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေကို ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးနဲ့ နာတာရှည်ရောဂါတွေအတွက် အခမဲ့ကုသမှုတွေ ပေးနေတာဖြစ်တယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦးက ပြောပါတယ်။
”အဓိကကတော့ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပေးပြီး နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ အခြေခံဆေးဝါး တစ်လစာကို အခမဲ့ ပေးဝေမှာပါ ဒါ့အပြင် လိုအပ်လာရင် အထူးကုနဲ့ပြမှရမယ်ဆိုရင် One Stop Service ဆောင်ရွက်ပေးပြီးသွေးစစ်၊ ဆီးစစ်တာ၊ ECG တိုင်းတာတာနဲ့ ဓာတ်မှန်ရိုက်ကူးတာ အပါအဝင် အခြေခံ ဓာတ်ခွဲနဲ့ ဓာတ်မှန်စစ်ဆေးမှုတွေကိုပါ ဆေးရုံကြီးရဲ့ စနစ်အတိုင်း အခမဲ့ ဆောင်ရွက်ပေးနေတယ်” လို့ ဒေါက်တာဝေဝေဦးက ထည့်သွင်းပြောဆိုပါတယ်။
ပင်စင်စား အရာထမ်း၊ အမှုထမ်းတွေရဲ့ ကျန်းမာရေးအခြေအနေကို စနစ်တကျ စိစစ်ကုသပေးနိုင်ဖို့အတွက် အထွေထွေရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ သက်ကြီးရွယ်အို ရောဂါတွေအပြင်၊ နားနှာခေါင်း လည်ချာင် အရိုးအကြော မျက်စိရောဂါ ဝေဒနာတွေကိုလည်း အထူးကုဆရာဝန်ကြီးတွေက လိုအပ်တဲ့ စမ်းသပ်စစ်ဆေး ကုသမှုတွေကို အခမဲ့ ဆောင်ရွက်ပေးမယ်လိုသိရပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းပင်စင်စားတွေအနေနဲ့ လစဉ် ၂၁ ရက်နေ့တိုင်း ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီး အရှေ့ဘက် သုံးထပ်ဆောင် မြေညီထပ်ကို နံနက် ၈ နာရီကနေ ၁၂ နာရီအတွင်း လာရောက်ပြသနိုင်ပါတယ်။ လာရောက်တဲ့အခါမှာ မိမိတို့ရဲ့ ပင်စင်စားစာအုပ် အထောက်အထားပြသပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျ ခံယူနိုင်ကြောင်း သိရပါတယ်။
